မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် အလေးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ လူအဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) မျိုးနွယ်စု တစ်စုစု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးတို့က မျိုးဆက်တစ်ခုမှ တစ်ခု လက်ဆင့်ကမ်းလာခဲ့ကြပြီး ယင်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် ရိုးရာဓလေ့ထုံးစံ၊ အလေ့အထများ၊ ဖော်ပြချက်များ၊ အသိပညာများ၊ စွမ်းရည်များ တို့ကို ဆိုသည်။

              UNESCO ၏ ၂၀၀၃ ကွန်ဗန်းရှင်းအရ အဖွဲ့ဝင်နိုင်ငံတိုင်းသည် မိမိတို့ နိုင်ငံနယ်နိမိတ် အတွင်း တည်ရှိနေသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံတော်က အသိအမှတ်ပြု မှတ်ပုံတင် စာရင်းတစ်ရပ် ထားရှိရမည့်အချက်သည်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းပြုစုရေး လုပ်ငန်းစဉ်၏ အခြေခံကျသည့် လုပ်ငန်းတစ်ခုဖြစ်ရာ UNESCO ၏ ၂၀၀၃ ကွန်ဗန်းရှင်း အဖွဲ့ဝင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ စာရင်းကောက်ယူ မှတ်တမ်းတင် ထိန်းသိမ်းရပါသည်။  

              မြန်မာနိုင်ငံရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား မြှင့်တင်နိုင်ရေး၊ ထိန်းသိမ်းနိုင်ရေးနှင့် ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အနုပညာဦးစီး ဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့ ပူးပေါင်း၍ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်း ကော်မတီများကို ဖွဲ့စည်းကာ စာရင်းကောက်ယူ၍လည်းကောင်း၊ ဌာနဆိုင်ရာ အသီးသီး၊ အဖွဲ့အစည်း အသီးသီးက စာရင်းကောက်ယူ မှတ်တမ်းတင်ထားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းကို လက်ခံစုစည်း၍လည်းကောင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများကို ကောက်ယူခဲ့၍  အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့သို့ တင်ပြပါသည်။ ယင်းအဖွဲ့မှ စိစစ်၍ မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီသို့ တင်ပြ အတည်ပြုခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။

                ယခုအချိန်အထိ စာရင်းကောက်ယူမှတ်တမ်းပြုစုထားသည့် (က) ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက်များ၊ ဘာသာစကားများ (၁၀၄)ခု၊ (ခ ) ဖျော်ဖြေမှုအနုပညာများ (၅၀၆)ခု၊           (ဂ) လူမှုရေးအစဉ် အလာ အလေ့အထများ၊ ရိုးရာဓလေ့များ(၆၅၁)ခု၊ (ဃ) သဘာဝနှင့် စကြာဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ်အလာအလေ့အထများ     (၁၉၉)ခု၊ (င)ရိုးရာလက်မှုပညာရပ်များ(၈၂၉)ခု ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စုစုပေါင်း(၂၂၈၉)ခုအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရှာဖွေ ဖော်ထုတ် ထိန်းသိမ်းမှတ်တမ်းတင် ထားရှိနိုင်ခဲ့ပြီး ဖြစ်ပါသည်။

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနအနေဖြင့် ယခုအခါ  UNESCO ၏ လူသားအမျိုးအနွယ်ကို ကိုယ်စားပြုစာရင်း (Representative List of the  Intangible Cultural Heritage of Humanity ) သို့ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ထုံးစံကို အမည်စာရင်း တင်သွင်းရေး စတင်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့သနပ်ခါးအနေဖြင့် UNESCO 2003 ကွန်ဗန်းရှင်းပါ သတ်မှတ်ချက် Domain(၅)ခုလုံးနှင့်လည်း အကျုံးဝင်ခြင်း၊ တစ်မျိုးသားလုံး၏ ယဉ်ကျေးမှု လက္ခဏာတစ်ရပ်အဖြစ် ကိုယ်စားပြုခြင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ကိုယ်စားပြု တန်ဖိုးထား၊ မြတ်နိုးထိန်းသိမ်းထားရှိလျက်ရှိခြင်းတို့နှင့် တစ်မျိုးသားလုံး၏ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးစသည့် နေ့စဉ်လူနေမှုဘဝထဲတွင် အရေးပါသောနေရာ၌ ပါဝင်နေခြင်း စသည့် သတ်မှတ် စံနှုန်းများနှင့်လည်း ကိုက်ညီနေခြင်းကြောင့် မြန်မာ့သနပ်ခါးကို UNESCO သို့ အမည်စာရင်းတင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

ကရင်ရိုးရာ ဒုံးယိမ်းအက
ဂေဘား တိုင်းရင်းသားက ဂျပ်ခုတ် ယက်လုပ်နေပုံ
ချင်းတိုင်းရင်းသားများ၏ ခွါဒိုပွဲတော်
အင်းလေးဒေသတွင် ကြာချည်ယက်လုပ်နေပုံ