၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅)နာရီတွင်ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိရှေးဟောင်း အဆောက် အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေး ကောက်ခံမှုအရ (၃၈၉)ဆူ ပျက်စီးခဲ့ပါသည်။ ငလျင်ဒဏ်ခံ ရှေးဟောင်း အဆောက်အအုံများ အရေးပေါ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်ခဲ့ပြီးနောက် ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက် အအုံများ ပျက်စီးမှုအခြေအနေများကို နိုင်ငံတကာပညာရှင်၊ ပြည်တွင်း ပညာရှင်များ ညှိနှိုင်းဆွေးနွေးမှုအရ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေး နှင့် တတိယဦးစားပေး (၃၀၀)ဆူအနက် (၇၆)ဆူတို့ကို ပညာရှင်များ ဖိတ်ခေါ်၍ ဌာနက တိုက်ရိုက်ကြီးကြပ် ညှိနှိုင်းကာ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်ဖြစ်ပြီး တတိယဦးစားပေးမှ ကျန်(၂၂၄)ဆူကို အလှူရှင်များ ဖိတ်ခေါ်ပြုပြင်ထိန်းသိမ်းခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် UNESCO၊ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ၏ အကြံပြုချက်များ၊ Advisor Team ၊ Expert Team တို့၏ အကြံပြု ဆွေးနွေးချက်များ၊ ငလျင်အလွန် ပြန်လည်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ခဲ့သည့် နည်းပညာ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုဖိုရမ် (Technical Coordination Forum)နှင့် Bagan International Coordination Committee တို့၏ ဆွေးနွေးညှိနှိုင်းချက်များကို ဌာနအနေဖြင့် လိုက်နာကာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုအရ တည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံ များကိုလည်း ကိုးကွယ်ယုံကြည်မှုနှင့်အညီ အင်္ဂါစုံ ပြုပြင်လျက်ရှိ သကဲ့သို့ ရှေးဟောင်းအဆောက်အအုံများကို ပျက်စီးမှု ပမာဏအလိုက် သော်လည်းကောင်း၊ သမိုင်းတန်ဖိုးအရ သော်လည်းကောင်း၊ ဗိသုကာ လက်ရာကျန်ရှိမှုအရသော်လည်းကောင်းခေတ်ကာလအပိုင်းအခြားများပေါ် မူတည်၍ ဦးစားပေးအဆင့်များ သတ်မှတ်ပြီး စံချိန်စံညွှန်းတန်ဖိုးနှင့် ကိုက်ညီ သည့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရာတွင် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အလောတကြီး မပြုပြင်ရန်နှင့် ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန်စသည့် ချမှတ်ထား သည့် မူအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့အထိ အနည်းငယ်သာ ထိခိုက်ပျက်စီးသော ဘုရားပုထိုး(၂၂၄)ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီးဖြစ်သော (၁၄၉)ဆူ၊ စုစုပေါင်း (၃၇၃)ဆူကို လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကာ (၁၂)ဆူကို ပြုပြင်ထိန်းသိမ်းရေး ဆက်လက် ဆောင်ရွက်ဆဲဖြစ်ပြီး ပြုပြင်ထိန်းသိမ်း ရန်ကျန်ရှိသည့် (၄) ဆူကိုလည်း သတ်မှတ်ကာလ အတွင်း ပြီးစီးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန