မြန်မာ့သမိုင်းမတင်မီခေတ် ယဉ်ကျေးမှုအစဉ်အဆက်ကို ရှာဖွေဆက်စပ် ဖော်ထုတ်ပေးနိုင် ရန်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအပေါ် ပြည်သူအများ တန်ဖိုးထား နားလည်နိုင်စေရန်နှင့် အသိပညာဖြန့်ဝေ ပေးနိုင်ရန်၊ တူးဖော်သုတေသနပြုပြီးသော သမိုင်းမတင်မီ ကြေးခေတ် သံခေတ် ယဉ်ကျေးမှုဒေသများနှင့် ဆက်စပ်နှိုင်းယှဉ် သုတေသနပြု လုပ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြား၌ သုတေသနဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက် ရှိပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများ ပါဝင်သည့် တူးဖော်မှုအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာအုပ်စု၊ ကြီးကြီးကျေးရွာ၌ အခြေပြု၍ ယင်းကျေးရွာ၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာ စာကျက်မြေ၊ ဧရိယာ (၂၀)ဧကရှိ မြေကွက်ပေါ်တွင်ကြေးခေတ်/သံခေတ်တူးဖော်သုတေ သနလုပ်ငန်းများကို (၁၉.၁၁. ၂၀၁၉) ရက်နေ့မှ (၅.၁.၂၀၂၀)ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါသည်။
ယခင်ကလည်း ထိုနေရာတွင် (၂၂.၂.၂၀၁၈)ရက်နေ့မှ(၃.၃.၂၀၁၈)ရက်နေ့ အထိ စမ်းသပ် တူးဖော်မှုများ ဆောင်ရွက်ခဲ့ပါသည်။ ယခု တူးဖော်မှု လုပ်ငန်း ဆောင်ရွက်ရာ၌ (၅)မီတာ ပတ်လည် ကျင်းကွက်(၉)ကွက်ကို သတ်မှတ်၍ သုတေသနပြုခဲ့ရာတွင် လူအရိုးစု ရုပ်ကြွင်းများ၊ တိရိစ္ဆာန် အရိုးစုရုပ်ကြွင်းများ၊ ကြေးမြှားသွားများ၊ သံထည်များ၊ အဆင်တန်ဆာ (တိရိစ္ဆာန်အရိုးဖြင့် ပြုလုပ်ထားသော လက်ကောက်များ) ၊အသုံးအဆောင် ဝတ္ထုပစ္စည်း (မြေအိုး၊ မြေပန်းကန်းပြား၊ ကလပ်ပုံအိုး) ၊ ဓလေ့ထုံးတမ်း (ယောက်သွားခွံနှင့် အရွယ်တော် ကျောက်စရစ်ခဲ)စသည့် အရိုးစုများ နှင့် အသုံးအဆောင်ပစ္စည်းတို့ကို တွေ့ရှိခဲ့ရပါသည်။
တူးဖော်သုတေသနပြုပြီးသော အရိုးစုရုပ်ကြွင်းများနှင့် ပါရှိလာသော မြေအိုးမြေခွက် အသုံးအဆောင်ပစ္စည်းများကို အများပြည်သူ လေ့လာ နိုင်ရန်အတွက် Site Museum အဖြစ် ဆောက်လုပ်ပြီး ပြသရန် ရည်ရွယ်ထားသော်လည်း မြေအောက်တွင်ရှိ သော ယဉ်ကျေးမှုအမွေ အနှစ် ပစ္စည်းများ တူးဖော်သုတေသနပြု ဆောင်ရွက်သည့်အခါ အပေါ် မြေလွှာဖိအားကြောင့် အရိုးစု အများစုမှာ အက်ကွဲနေခြင်း၊ Site ၏ တောင်ဖက်နှင့် အရှေ့ဖက်တွင် ချိုင့်ဝှမ်းနှင့် ရေဝပ်ဧရိယာများ ရှိနေခြင်း၊ ကျေးရွာနှင့် အလှမ်းဝေးသော နေရာတွင် တည်ရှိခြင်း၊ မမျှော်မှန်းနိုင်သော ကြီးမားသည့် ငွေကြေးကုန်ကျမှုများ ရှိလာနိုင်ခြင်းတို့ကြောင့်ရုပ်ကြွင်းများ ပေါ်တွင် ပလစ်စတစ်များ ဖုံးအုပ်ပြီး စနစ်တကျ အသေးစိတ် မှတ်တမ်း တင်ခြင်း၊ ပုံဆွဲခြင်းလုပ်ငန်းများ ပြုလုပ်ပြီး မြေပြန်ဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ပဒေါင်းတူးဖော်မှုမှ လူအရိုးစု ရုပ်ကြွင်းများ၊ ကြေးထည်ပစ္စည်းများ၊ သံထည်ပစ္စည်းများ၊ မြေထည်ပစ္စည်းများ၊ ယောက်သွားခွံများ၊ ပုတီးစေ့ များနှင့် အရိုးလက်ကောက်တစ်စုံတို့ကို တူးဖော် တွေ့ရှိရပြီး သံခေတ် ယဉ်ကျေးမှု ထွန်းကားခဲ့သော ဒေသတစ်ခုဖြစ်ကြောင်းနှင့် ရှေးခေတ် လူသား များ မြှုပ်နှံသင်္ဂြိုလ်ခဲ့သော သင်္ချိုင်းရာတစ်ခုဖြစ်ကြောင်းတို့ကို ဖော်ထုတ်နိုင်ခဲ့ပါသည်။
အရိုးစုမြှုပ်နှံမှုမှာ အရှေ့ဖက်သို့ ဉီးခေါင်းပြုလုပ်လျက် တွေ့ရပြီး ရုပ်ကြွင်း များ အနီးတွင် မြေအိုးများ ထည့်သွင်းမြှုပ်နှံမှု၊ ပုတီးစေ့များ၊ ယောက်သွား ခွံများ၊ ကြေးထည်ပစ္စည်းများ၊ သံထည် ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများ ထည့်သွင်း မြှုပ်နှံမှုဓလေ့သည် အခြားတူးဖော် သုတေသန ပြုခဲ့သော သမိုင်းမတင်မီခေတ်ဒေသများနှင့် ဆင်တူကြောင်း တွေ့ရပါ သည်။ မြှုပ်နှံမှုဓလေ့အပိုင်းကို လေ့လာသုံးသပ်ရာတွင်လူရုပ်အလောင်းကို ခေါင်းတလားဖြင့် မြှုပ်နှံခြင်း၊ အဝတ်စောင်(သို့) ဖျာပတ်၍မြှုပ်နှံခြင်း၊ ကြိုးဖြင့်တုပ်၍မြှုပ်နှံခြင်း၊ ပုံမှန်မြေတွင်းတူး၍ မြှုပ်နှံခြင်းဟူ၍ မြှုပ်နှံမှု ပုံစံများရှိရာ ပဒေါင်းတူးဖော်မှုမှ တွေ့ရှိရသော ရုပ်ကြွင်းမြှုပ်နှံမှုပုံစံမှာ မြေလွှာအနေအထားနှင့် လူအရိုးစုပုံစံအနေအထားအရ ခေါင်းတလား(သို့) ဖျာဖြင့်ပတ်၍ စနစ်တကျမြှုပ်နှံပြီး ဆိုင်ရာ ပစ္စည်းများကို ထည့်သွင်း မြှုပ်နှံထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ထူးခြားမှုတစ်ခုအနေဖြင့် အိုးများတွင် ရေးခြစ်ထားသော အစင်းကြောင်း(Graffiti)ရာများကို တွေ့ရှိရပြီး ရိုးရှင်းသော ဂျီဩမက်ထရစ်ဒီဇိုင်းများ ရေးဆွဲထားကြောင်း တွေ့ရှိရပြီး ရေးဆွဲပုံဒီဇိုင်းခြင်း မတူညီသည်ကိုလည်း တွေ့ရှိရပါသည်။
တူးဖော်သုတေသနပြုရာတွင် လူရုပ်ကြွင်းမြှုပ်နှံမှု(Burial Site)ကိုသာ တူးဖော် ရရှိခဲ့ပြီး ထိုခေတ်လူသားတို့၏ လူနေမှုအဆင့်အတန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်မှုလုပ်ငန်း ကျွမ်းကျင်မှု၊ ကြေး/သံစသည့် သတ္တုပစ္စည်းများကို အသုံးချနိုင်မှုစသည့် လူနေမှုဘဝကို လေ့လာ နိုင်ခဲ့ပြီး တူးဖော်တွေ့ရှိသည့် ရှေးဟောင်းဝတ္တုပစ္စည်းများကို အခြေခံသုံးသပ်၍ သမိုင်းမတင်မီ ခေတ်ဖြစ်သော သံခေတ်ကာလ ယဉ်ကျေးမှုထွန်းကား ခဲ့သော နေရာဒေသကြီးတစ်ခုအဖြစ် ခြုံငုံသုံး သပ်နိုင်ပါကြောင်း ဖော်ပြ အပ်ပါသည်။