ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေထုတ်ပြန်ခြင်း

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅)နာရီတွင်ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံ၊ မြောက်ဦး၊ စစ်ကိုင်း၊ မကွေးစသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသများရှိ ရှေးဟောင်းအဆောက် အအုံအချို့ ပျက်စီးမှုရှိခဲ့ရာ အများဆုံးပျက်စီးမှုမှာ ပုဂံယဉ်ကျေးမှု အမွေ အနှစ်ဒေသဖြစ်ပြီး ကွင်းဆင်းစာရင်း စစ်ဆေးကောက်ခံမှုအရ (၃၈၉)ဆူ ပျက်စီးခဲ့ပါသည်။ ငလျင်ဒဏ်ခံရှေးဟောင်းအဆောက်အအုံများအရေးပေါ် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးနောက် ငလျင် ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ၏ ပျက်စီးမှုအခြေအနေ များကို နိုင်ငံတကာပညာရှင်၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်းဆွေးနွေး စိစစ်မှုအရ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးနှင့် တတိယဦးစားပေး(၃၀၀)ဆူအနက် (၇၆)ဆူတို့ကို ပညာရှင်များ ဖိတ်ခေါ်၍ ဌာနက တိုက်ရိုက်ကြီးကြပ်ညှိနှိုင်း ကာ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်ဖြစ်ပြီး တတိယဦးစားပေးမှ ကျန် (၂၂၄)ဆူကို အလှူရှင်များ ဖိတ်ခေါ်ပြုပြင် ထိန်းသိမ်းခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့အထိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အတူ အဆောက်အဦဦးစီးဌာနနှင့် အခြား အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ထိန်းသိမ်းခဲ့ရာ ပုံပါအတိုင်း ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ပါသည်။

ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် UNESCO၊ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ၏ အကြံပြုချက်များ၊ Advisor Team ၊ Expert Team တို့၏ အကြံပြု ဆွေးနွေးချက်များ၊ ငလျင်အလွန် ပြန်လည်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ခဲ့သည့် နည်းပညာဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုဖိုရမ် (Technical Coordination Forum)နှင့် Bagan International Coordination Committee တို့၏ ဆွေးနွေးညှိနှိုင်းချက်များကို ဌာနအနေဖြင့် လိုက်နာကာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုအရ တည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံများ ကိုလည်း ကိုးကွယ် ယုံကြည်မှုနှင့်အညီ အင်္ဂါစုံပြုပြင်လျက်ရှိသကဲ့သို့ ရှေးဟောင်းအဆောက်အအုံများကို ပျက်စီးမှု ပမာဏအလိုက်သော် လည်းကောင်း၊ သမိုင်းတန်ဖိုးအရသော်လည်းကောင်း၊ ဗိသုကာလက်ရာ ကျန်ရှိမှု အရသော်လည်းကောင်း ခေတ်ကာလအပိုင်းအခြားများပေါ် မူတည် ၍ ဦးစားပေးအဆင့်များ သတ်မှတ်ပြီး စံချိန်စံညွှန်းတန်ဖိုးနှင့် ကိုက်ညီသည့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရာတွင် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အလောတကြီး မပြုပြင်ရန်နှင့် ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန်စသည့် ချမှတ်ထားသည့် မူအတိုင်း ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့အထိ အနည်းငယ်သာ ထိခိုက် ပျက်စီးသော ဘုရား ပုထိုး(၂၂၄)ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီးဖြစ်သော (၁၅၁)ဆူ၊ စုစုပေါင်း (၃၇၅)ဆူကို လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကာ (၁၁)ဆူကို ပြုပြင်ထိန်းသိမ်း ရေး ဆက်လက် ဆောင်ရွက်ဆဲဖြစ်ပါကြောင်း သတင်းရရှိပါသည်။


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန