ပါမောက္ခချုပ်ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီးဘောလုံးပြိုင်ပွဲ

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်ဖလားဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၃-၂-၂၀၂၀ ရက်နေ့၊ နေ့လယ် (၂)နာရီ မိနစ်(၃၀)တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဘောလုံးအားကစားကွင်းမှာကျင်းပခဲ့ပါသည်။ ရှေးဦးစွာ အားကစားအသင်းများက အားကစားကွင်းအတွင်း ဝင်ရောက်နေရာယူကြပြီး ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် ဦးတင့်ဇော်ဦး၊ ကထိက(ပန်းပု)က ပြိုင်ပွဲဝင်အသင်းများအား ပြိုင်ပွဲစည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပါသည်။ ဆက်လက်၍ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် နှင့် ဒုတိယပါမောက္ခချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။

အမျိုးသားပွဲအဖြစ် ပန်းပုအသင်းနှင့် ပန်းချီအသင်း၊ အမျိုးသမီးပွဲတွင် ဂီတအသင်းနှင့် သဘင်အသင်းတို့ ယှဉ်ပြိုင်ကစားကြပါသည်။ ပါမောက္ခချုပ်ဖလားဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အမျိုးသား(၇)သင်း၊ အမျိုးသမီး(၃)သင်း စုစုပေါင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို (၁၃-၂-၂၀၂၀)နေ့မှ (၂၇-၂-၂၀၂၀)နေ့ထိ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါသည်။ တက္ကသိုလ်တွင်တက်ရောက် ပညာသင်ကြားနေကြသော ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားမှုကို အထောက်အကူဖြစ်စေရန်၊ ကျောင်းသား၊ကျောင်းသူအချင်းချင်းစည်းလုံးညီညွတ်၍ ချစ်ကြည်ရင်နှီးမှုရရှိစေရန်နှင့် စစ်မှန်သောအားကစား စိတ်ဓာတ်အပြည့်အဝဖြင့် အားကစားကိုချစ်မြတ်နိုးတတ်စေရန်၊ တက္ကသိုလ်အဆင့်ထူးချွန်သောအားကစားသမား များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။