ဘုရားအမှတ်(၂၀၀၀)ဂူဘုရားရှိ နံရံဆေးရေးပန်းချီများအား ကြံ့ခိုင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ဘုရားအမှတ်(၂၀၀၀)ဂူဘုရားသည် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၊ ပုဂံ မြို့ဟောင်း၏ အရှေ့ မြောက်ဘက်၊ တောင်ဘီ၊ လယ်ယားကျေးရွာတွင် တည်ရှိသည်။ ဘုရား၏ အမျိုးအစားမှာ တစ်ထပ်ဂူ ဘုရားဖြစ်ပြီး အေဒီ (၁၃)ရာစု ခေတ်လက်ရာ ဖြစ်သည်။ အပြင်ပိုင်းတွင် အင်္ဂတေပန်း လက်ရာ များဖြင့် တန်ဆာဆင်ထားခဲ့သော်လည်း ၁၉၇၅ ခုနှစ်မြေငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ ပါသည်။ အတွင်းပိုင်း တိုက်မ အနောက်ခြမ်း ဗုဒ္ဓဆင်းတုတော်၏ အနောက်တွင် ဗောဓိပင်နှင့် ကိန္နရီ၊ ကိန္နရာရုပ်ပုံများ ရေးဆွဲထားပြီး အခြားသော နံရံအပေါ်ပိုင်းများတွင် ပန်းဆွဲများ၊ တိုင်ထောင့် ပန်းများ၊ ပန်းဝိုင်းများအတွင်း နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များဖြင့် နံရံပေါ်တွင် ရေးဆွဲ တန်ဆာဆင်ထားသည်။ တိုက်မနှင့် အာရုံခံဆောင် အကူးမုခ်တွင် ဗုဒ္ဓခြေတော်ရာနှင့်မျက်နှာကြက် တွင် သေးငယ်သည့် ဗုဒ္ဓရုပ်ပွားတော်များကို ရေးဆွဲထားပြီး အတွင်းပိုင်း ပလာစတာမှာ မြေပလာစတာ(Mud Plaster) အမျိုးအစား ဖြစ်ပါသည်။

၁၉၇၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ် များကြောင့် အဆောက်အအုံ တိုက်မ၏ တောင်ဘက်ခြမ်းပိုင်းတွင် ထိခိုက် မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆောက်အအုံ နံရံများကို ဘေးမှ ထောက်ပင့် ပံ့ပိုး ခြင်းများနှင့် အရေးပေါ် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိခဲ့ သည်။ ယခုအခါတွင် မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့သည့် နံရံဆေးရေး ပန်းချီ အချို့အား ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အပင်သတ်ခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်း ခြင်းလုပ်ငန်းများ၊ ရေဆင်းကောင်းမွန်စေရေးလုပ်ငန်းများအားဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။