ကျောက်ခေတ်ယဉ်ကျေးမှုအမွေအနှစ်အထောက်အထားများ ကွင်းဆင်းရှာဖွေဖော်ထုတ်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှုဖြစ်စဉ်အားလုံးကို စုံလင်စွာနှင့် ပိုမို ပြည့်စုံစွာ ဖော်ထုတ်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစား ဖော်ထုတ်လျက် ရှိပါသည်။ ယဉ်ကျေးမှုဖြစ်စဉ်များထဲမှ အစောဆုံးသော ယဉ်ကျေးမှုတစ်ခုဖြစ်သည့် ကျောက်ခေတ်ယဉ်ကျေးမှုကိုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် လေ့လာကွင်းဆင်း၍ ဖော်ထုတ်လျက်ရှိပါသည်။

အညာသားယဉ်ကျေးမှုဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်တွင် ဖွံ့ဖြိုးခဲ့သော မြစ်ဝှမ်းလွင်ပြင် ဗဟိုပြု ကျောက်ခေတ်ဟောင်း အထောက်အထားများ၊ ကျောက်ခေတ်လယ်နှင့် ကျောက်ခေတ်သစ် အထောက်အထားများကို လေ့လာ သုတေသနပြု ဖော်ထုတ်ခဲ့သကဲ့သို့ ရှမ်းကုန်းပြင်မြင့်ဒေသရှိ ထုံးကျောက်ဂူများနှင့် ကျောက်ဆောင်များတွင် နေထိုင်ခဲ့ကြသော ကျောက်ခေတ်ယဉ်ကျေးမှုများကိုလည်း သုတေသနပြု လေ့လာဖော်ထုတ်လျက်ရှိပါသည်။

ရှမ်းပြည်နယ်အပါအဝင် အရှေ့ဘက်ကုန်းမြင့်တစ်လျှောက်တွင် အတိတ်ကာလက ကျောက်ဂူများအတွင်း နေထိုင်ခဲ့ကြသည့် ကျောက်ခေတ်ယဉ်ကျေးမှု အထောက်အထား များကို ရှာဖွေဖော်ထုတ်နိုင်ရန် အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဦးကျော်ခိုင်(ကထိက) ဦးဆောင်၍ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ ကလောမြို့နယ်နှင့် တောင်ကြီးမြို့နယ်အတွင်းရှိ ကျောက်ခေတ် အထောက်အထား ရှိနိုင်သော ကျောက်ခေါင်းကျောင်းဂူများ၊ လုံကာကုန်းနှင့် လူရိုးတောင် စသည့် နေရာဒေသ များကို ရှေးဟောင်းသုတေသနဆိုင်ရာ စမ်းသပ်တူးဖော်ခြင်းနှင့် ထိုမြို့နယ်များအတွင်းရှိ ကျောက်ခေတ်အထောက်အထားများကို ကွင်းဆင်းရှာဖွေခြင်းများကို ၂၀၂၀ ပြည့်နှစ် မတ်လ နှင့် ဧပြီလများအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကွင်းဆင်းအဖွဲ့သည် ၂၀၂၀ပြည့်နှစ် မတ်လအတွင်း ကွင်းဆင်းရှာဖွေမှုအရ ကလော မြို့နယ်၊ ဟဲဟိုးမြို့အနောက်တောင်ဘက် ဘုရားပျိုရွာနှင့် ညောင်ပင်ခါးရှည်ရွာ အနီးရှိ လုံကာကုန်းမှ ကျောက်ချောလက်နက် ၂ ခုကို မြေပြင်ကွင်းဆင်း ရှာဖွေမှုအရ တွေ့ရှိထားပြီး ရွာငံမြို့နယ်၊ လည်ကိုင်းကျေးရွာ အနီးရှိ ကျောက်ခေါင်းကျောင်းဂူအမှတ် (၁) ရှိဂူမနှင့်ဆက်စပ်လျက်ရှိ သော ဂူပေါက်ငယ်အဝတွင် အမိုးအကာအဖြစ်ရှိနေသော(rock shelter) မျက်နှာစာတွင် စမ်းသပ်တူးဖော်မှုအရ ဝက်၏မေးရိုးနှင့် သွား၊ ကျွဲ၊ နွားနှင့် နို့တိုက်သတ္တဝါတို့ အရိုးနှင့် သွားများ၊ ကြွက်၊ ရှဉ့်၊ ပွေးတို့၏ သွားများနှင့် အသားစား သတ္တဝါတို့၏ သွားအပါအဝင် ကျောက်ချော လက်နက် တစ်ခု(ဆောက်သွား)နှင့် ကျောက်လက်နက် ဖဲ့စ(flake) များကို တူးဖော်မှုမှ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ဆက်လက်ပြီး ပိုမိုပြည့်စုံသော ကျောက်ခေတ် အထောက်အထားများကို ဖော်ထုတ်နိုင်ရန်အတွက် ကျောက်ခေါင်းကျောင်းဂူအမှတ် (၂)၊လုံကာကုန်းနှင့် လူရိုးတောင်နေရာဒေသများကိုလည်း ရှေးဟောင်းသုတေသနဆိုင်ရာ စမ်းသပ်တူးဖော်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။