ကမ္ဘာ့အမွေအနှစ် ပျူမြို့ဟောင်း (၃)မြို့၌ ပထဝီသတင်းအချက်အလက် အလွှာများ(GIS Layer) အဆင့်မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ရှေးဟောင်းသုတေသနဆိုင်ရာ ဒေသများနှင့် သက်ဆိုင်သော သုတေသနအချက်အလက်များကို ကောက်ယူ၍ GIS Database System ကို ချိတ်ဆက်အသုံးပြုကာ မြေပုံများနှင့်တကွ ရေးဆွဲတင်ပြခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

          ပျူမြို့ဟောင်း(၃)မြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် ကမ္ဘာ့လုံးဆိုင်ရာ တန်ဖိုးနှင့် ကိုက်ညီသော အထောက်အထားများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စီမံခန့်ခွဲနိုင်ရန်အတွက် အခြေခံကျသည့် လုပ်ငန်းစဉ်ဖြစ်သည့် တိကျသော ဇုန်နယ်နိမိတ် သတ်မှတ်၍ GIS Data  ကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြပါသည်။  GIS Data  မှ ရရှိလာသော အချက်အလက်များကို အခြေခံကာ ပျူမြို့ဟောင်း(၃)မြို့နှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းခြင်းအတွက် အဆိုပြုစာတွဲတင်သွင်းရေးသားခြင်းနှင့်အမွေအနှစ်စီမံထိန်းသိမ်းရေး လုပ်ငန်း အစီအစဉ်များကို ဌာနအရာထမ်း/အမှုထမ်းများနှင့် ပြည်တွင်း၊ ပြည်ပပညာရှင်များ ပူးပေါင်း ၍ ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သည်။

          ယခုအခါ ပျူမြို့ဟောင်း(၃)မြို့သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅)နှစ်တာကာလအတွင်းဖွံ့ဖြိုးတိုးတက်လာသော မြို့ပြဆိုင်ရာ အဆောက်အအုံများ၊ စီမံကိန်းလုပ်ငန်းများ၊ မြေယာအသုံးချမှုဆိုင်ရာပြောင်းလဲမှုအခြေအနေ၊ သတ်မှတ်နယ်မြေအတွင်းရှိ လူဦးရေဆိုင်ရာအချက်အလက်များ၊ ကမ္ဘာ့အမွေအနှစ်ဒေသ ဇုန်နယ်မြေ သတ်မှတ်ချက်များကို ပြန်လည်အဆင့်မြှင့်တင်နိုင်ရန်အတွက် စနစ်တကျရေးဆွဲ သိမ်းဆည်းထားသော စနစ်တစ်ခု တည်ဆောက်နိုင်ရန် လိုအပ်လျက်ရှိပါသည်။

          သို့ဖြစ်ရာ ပျူမြို့ဟောင်း(၃)မြို့ရှိ ပထဝီသတင်းအချက်အလက်အလွှာများ(GISLayer) အဆင့်မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများကိုလုပ်ငန်းစဉ်များ ချမှတ်လျာထား ဆောင်ရွက်မည် ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများကို အမွေအနှစ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များနှင့်အညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ပံ့ပိုးနိုင် ရေးအတွက် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ သရေခေတ္တရာမြို့ဟောင်းတွင် GIS Layer သတင်းအချက်အလက်များ စစ်ဆေးခြင်းကို စတင် ဆောင်ရွက်လျက်ရှိပြီး ဗိဿနိုးမြို့ဟောင်းနှင့် ဟန်လင်းမြို့ဟောင်းတို့တွင်လည်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။