မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်၊ နတ်ကျွန်းရပ်ကွက်နေ ဒေါ်ခင်ဝင်း(၁၁/ စတန(နိုင်) ၀၀၅၁၃၉) သည် မုပွန်မြို့ဟောင်းမှ စုဆောင်းရရှိထားသော အေဒီ၇-၁၀ရာစုကြားကာလ ရွှေပုတီးစေ့ (၃)စေ့၊ ရွှေအပြားပါးပါးကပ်ထားသော မြေပုတီးစေ့(၂)စေ့ (၁)ခြမ်း ၊ ရောင်စုံကျောက် ပုတီးစေ့များ၊ ကျောက်ပုတီးစေ့အခြမ်းများနှင့် မြေပုတီးစေ့များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)သို့ လာရောက်အပ်နှံခဲ့ပါသဖြင့် ဆုကြေးငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို (၂၄-၃-၂၀၂၀)ရက်နေ့တွင် နံနက် (၁၀:၀၀)နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ ပါသည်။ အဆိုပါအခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ယခုကဲ့သို့ ပုတီးစေ့များ လာရောက်အပ်နှံခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဆုကြေးငွေချီးမြှင့်ရခြင်း လုပ်ထုံးလုပ် နည်းများကိုရှင်းလင်းပြောကြားခဲ့ပြီး ပုတီး စေ့များ၏ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများ အပါအဝင် ဆုကြေး ငွေ ၁၆၇၇၄၀၀/- (ကျပ် တစ်ဆယ့် ခြောက်သိန်း ခုနစ်သောင်း ခုနစ်ထောင် လေးရာတိတိ) ၊ ဂုဏ်ပြု မှတ်တမ်း လွှာ တို့ကို ရှေေးဟောင်းပုတီးစေ့များအပ်နှံသူ ဒေါ်ခင်ဝင်းအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ရှေးဟောင်းပုတီးစေ့များအပ်နှံသူ ဒေါ်ခင်ဝင်းမှလည်း ယခုကဲ့သို့ ပေးအပ်ချီးမြှင့်မှု အတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှ တွေ့ရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ် ပစ္စည်း များကို တာဝန်သိသိလာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏ မူလတန်ဖိုးအပြင် အနုစိတ် လက်ရာ တန်ဖိုးနှင့် ရှေးဟောင်းခေတ်ကာလတန်ဖိုးများပါထပ်ဆောင်းလျက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ကာ ယဉ်ကျေးမှုတန်ဖိုးမြင့်မားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို စုဆောင်းထိန်းသိမ်း လျက်ရှိကြောင်း သတင်းရရှိသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
[1] 26.3.2020 News