ရှေးဟောင်းဝတ္ထုပစ္စည်းများအားအပ်နှံ ခြင်းနှင့်လှူဒါန်းခြင်းမှထိန်းသိမ်း စုဆောင်း ရရှိခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဆုကြေးငွေ ချီးမြှင့်၍ စုဆောင်းခြင်း၊ ယင်းတို့၏ တန်ဖိုးကို သိရှိတန်ဖိုးထားတတ်စေရန် အများပြည်သူများအား အသိပညာ ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အများပြည်သူများက သားစဉ်မြေးဆက် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ နည်းအမျိုးမျိုးဖြင့် တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဤဦးစီးဌာနသို့ လာရောက် အပ်နှံ လာပါကလည်း အမျိုးသားပြတိုက်များနှင့် ရှေးဟောင်းသုတေသနပြတိုက်များတွင် စနစ်တကျ စုဆောင်း ထိန်းသိမ်းပြသထားရှိပါသည်။ လာရောက်အပ်နှံသည့် ရှေးဟောင်းဝတ္ထု ပစ္စည်းမှ ရွှေထည် ပစ္စည်းများကို ကာလပေါက်ဈေးအပြင် ခေတ်လက်ရာ၊ အနုစိတ်လက်ရာ တန်ဖိုးတို့ကိုပါ ထပ်ဆောင်း ချီးမြှင့် စုဆောင်းထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါသည်။

          ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ ပထမ (၆)လပတ်အတွင်း လာရောက်အပ်နှံသည့် ရွှေထည်ပစ္စည်း၊ ကြေးပစ္စည်း၊ အခြားပစ္စည်း (မြေ/ ကျောက်/အရိုးပုတီးစေ့များ၊ မြေထည်ပစ္စည်း၊ သံလက်နက်၊ ကျောက်လက်နက်များ၊ ပေစာထုပ်များ၊ အုတ်ခွက်ဘုရားများ၊ သံထည်ပစ္စည်းများ) စုစုပေါင်း (၁၁၃၂၆) ခုအတွက် ဆုကြေးငွေ စုစုပေါင်း ကျပ် ၉၉၂၄၉၈၃ /- (ကျပ် ကိုးဆယ့်ကိုးသိန်း နှစ်သောင်း လေးထောင်ကိုးရာ ရှစ်ဆယ် သုံးတိတိ)ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရုံးချုပ်)နှင့် သက်ဆိုင်ရာ ဌာနခွဲများမှတစ်ဆင့်  ဆုကြေးငွေချီးမြှင့်၍ စုဆောင်းခဲ့ပါသည်။ ဆက်လက်၍   ရွှေထည်ပစ္စည်း ၊ ကြေးပစ္စည်း၊ အခြား ပစ္စည်း စုစုပေါင်း (၆၅၂၃)ခုအတွက် ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ/မရှိ စစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး ဆုကြေးငွေ ချီးမြှင့်နိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။

ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်လှူဒါန်းမှုအနေဖြင့် ကြေးထည်(၃)ခု၊ မြေထည်(၁)ခု၊ သက္ကရာဇ် ၁၉၁၀ နှင့် ၁၉၁၇ ဟု စာပါ ယိမ်းနွဲ့ပါးဓား (၁)ခု၊ ပေစာ (၁)ထုပ်တို့ကို လက်ခံရရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများကို အလှူရှင်များအား သက်ဆိုင်ရာဌာနခွဲ အသီးသီးက ပေးအပ်ပေးပြီး ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအသီးသီးတွင် ဌာနခွဲ၊ ဌာနစုများ ဖွင့်လှစ်ထားရှိပြီး အပ်နှံခြင်း၊ လှူဒါန်းခြင်းတို့အတွက် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြ အပ်ပါသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန