မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအားကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေးဆိုင်ရာ သတ်မှတ်ချက်များ သိစေလို (မာလာအောင်-ယဉ်ကျေးမှု)

မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များတွင် မျက်စိနှင့်မြင်တွေ့နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များရှိသကဲ့သို့ မျက်စိနှင့်မမြင်တွေ့နိုင်ဘဲ လူသားတို့၏နှလုံးသားထဲတွင် စွဲမြဲ ထင်ကျန်နေသည့် အတတ်ပညာများ၊ ယုံကြည်ကိုးကွယ်မှုများ၊ ရိုးရာဓလေ့များနှင့် ထုံးတမ်း အစဉ်အလာများစသည့် ယဉ်ကျေးမှုအမွေအနှစ်များ ရှိကြပါသည်။
ကမ္ဘာတစ်ဝန်းလုံးက စုစည်း၍ ဖွဲ့စည်းထားသော ယူနက်စကိုအဖွဲ့အစည်း (UNESCO- United Nations Educational, Scientific and Cultural Organization- ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း) က ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် ဆောင်ရွက်လျက်ရှိရာ မျက်စိနှင့်မြင်တွေ့နိုင်သော ယဉ်ကျေးမှုအမွေအနှစ်ကို ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် (Tangible Cultural Heritage) ဟု သတ်မှတ်ပြီး မျက်စိနှင့်မမြင်နိုင်ဘဲ လူသားတို့၏ ရင်တွင်းနှလုံးသားတွင်း ထင်ကျန်မှတ်ယူ၍ ဆောင်ရွက်နေသည့် ယဉ်ကျေးမှုအမွေအနှစ်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage) ဟု သတ်မှတ်ကြပါသည်။
ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး၌ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းခြင်းနှင့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းခြင်းဟူ၍ ရှိရာ ယူနက်စကိုအဖွဲ့အစည်းမှ ကြေညာသည့် ပဋိညာဉ်စာချုပ် ၂ ရပ် အပေါ်မူတည်၍ သတ်မှတ် ချက်များရှိကြောင်း တင်ပြလိုပါသည်။
ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာ၌ ၁၉၇၂ ခုနှစ် ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များဆိုင်ရာ ပဋိညာဉ်စာချုပ်အရ တစ်ကမ္ဘာလုံးဆိုင်ရာ သတ်မှတ်ချက်များ/ စံတန်ဖိုးများ (Outstanding Universal Value)အဖြစ် သတ်မှတ်ထား သော စံချိန်/စံညွှန်း ၁ မှ ၁၀ အထိ အချက် ၁၀ ချက်တို့ပါဝင်ပြီး အဆိုပါအချက်၌ အနည်းဆုံး ၂ ချက် ဖြင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။
တနည်းအားဖြင့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း (Conservation of World Heritage properties) နှင့် ယဉ်ကျေးမှု သို့မဟုတ် သဘာဝအား စစ်မှန်မှုတို့ဖြင့် သက်သေပြရန် လိုအပ်ပါသည်။
ထိုသို့ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များသည် မျက်စိနှင့်မြင်တွေ့နိုင်သည့် ထုထည် အဖြစ် ရှိနေသော်လည်း လူသားတို့၏ နှလုံးသားတွင် ထင်ကျန်နေသော အတတ်ပညာများ၊ ယုံကြည်မှု များစသည့် မျက်စိနှင့်မမြင်တွေ့နိုင်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် တဖြည်းဖြည်း ပျောက်ကွယ်လုနီးဖြစ်လာနေသည်ကို အမိမြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံး ရင်ဆိုင်နေကြပါ သည်။ သို့ဖြစ်ပါ၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊ လေးစားတန်ဖိုးထားတတ်စေရန်၊ အဖွဲ့အစည်းများ/ အုပ်စုများနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို လေးစားတန်ဖိုးထားရန်၊ ဒေသတွင်း/ နိုင်ငံတော်နှင့် နိုင်ငံတကာ တို့အတွင်း၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ အရေးပါမှုအား အသိပညာပေး မြှင့်တင်ရန်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ပံ့ကူညီပေးရန် ရည်ရွယ်၍ ယူနက်စကို အဖွဲ့အစည်းသည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ကျင်းပခဲ့သည့် ၃၂ ကြိမ်မြောက်ကုလသမ္မဂ္ဂအထွေထွေ အစည်းအဝေး (32nd Session) တွင် ၂၀၀၃-ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ် (2003 – Convention for the Safeguarding of the Intangible Cultural Heritage) ကို ကြေညာခဲ့ပါသည်။
အဆိုပါ ပဋိညာဉ်စာချုပ်၌ အပိုဒ် ၄၀ ပါဝင်ပါသည်။ အပိုဒ် ၁ မှ ၃ အထိသည် အထွေထွေစည်းကမ်းချက်များကိုဖော်ပြထားပြီး အပိုဒ် ၄ မှ အပိုဒ် ၈ အထိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာအစိုးရများကော်မတီဆိုင်ရာ ဆောင်ရွက်ချက်များ ပါဝင်ပါသည်။ အပိုဒ် ၁၁ မှ ၁၅ အထိတွင် နိုင်ငံအသီးသီးမှ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်စောင့်ရှောက်မှု ဆောင်ရွက်ချက်များပါဝင်ပါသည်။ အပိုဒ် ၁၆ မှ ၁၈ အထိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းကောက်ယူမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပါဝင်ပါသည်။ အပိုဒ် ၁၉ မှ ၂၈ အထိ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ပံ့မှု၊ အကူအညီ တောင်းခံမှုနှင့် ရန်ပုံငွေဆိုင်ရာ အချက်အလက်များ ပါဝင်ပါသည်။ အပိုဒ် ၂၉ မှ ၃၀ အထိ အစီရင်ခံစာနှင့်ပတ်သက်သော လုပ်ငန်းစဉ်များပါဝင်ပါသည်။ အပိုဒ် ၃၂ မှ ၃၄ အထိ အတည်ပြုချက်တို့ပါဝင်၍ အပိုဒ် ၃၅ မှ ၄၀ အထိ၌ နောက်ဆုံးအချက်များဟူ၍ လုပ်ငန်းစဉ်များ ကို ဖော်ပြထားပါသည်။
ပဋိညာဉ်စာချုပ်အရ အဆောတလျင်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း (List of Intangible Cultural Heritage in Need of Urgent Safeguarding)၊ လူသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်း (Representative List of the Intangible Cultural Heritage of Humanity) နှင့် စာချုပ်၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်း စည်းကမ်းများကို အကောင်းဆုံးထင်ဟပ်စေသည့် လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများစာရင်း (List of Programmes, Projects and Activities Best Reflecting The Principles and Objectives of the Convention) ဟူ၍ စာရင်းတင်သွင်းမှု ၃ ရပ်ရှိပါသည်။
အဆောတလျင်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းရာတွင် အောက်ပါစံနှုန်းသတ်မှတ်ချက် ၆ ချက် (U-1 to U-6) ရှိပါသည်-
U.1 ယဉ်ကျေးမှုအမွေအနှစ်သည် ပဋိညာဉ်စာချုပ်အပိုဒ် ၂ တွင် သတ်မှတ်ထားသည့် အတိုင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်ကြောင်း ပြသရန်၊
U.2 အဆောတလျင်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေမှုကို ဖော်ပြရန်၊ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအသိုက်အဝန်းများ သို့မဟုတ် သက်ဆိုင်ရာ အကျုံးဝင်သော လူပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများက ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်လင့်ကစား ယဉ်ကျေးမှုအမွေအနှစ် ဆက်လက်တည်တံ့ရေး အန္တရာယ်ကျရောက်နေခြင်းကြောင့် ထိန်းသိမ်းစောင့်ရှောက် ရန် အဆောတလျင် လိုအပ်လျက်ရှိကြောင်းကို နိုင်ငံများအနေဖြင့် ဖော်ပြရန်၊ ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်၍ လက်ဆင့်ကမ်း ပြန့်ပွားနိုင်ရေးနှင့် ကျင့်သုံးနိုင်ရေးတို့အတွက် ခြိမ်းခြောက် အန္တရာယ်ပြုနေသောအချက်များကို ထုတ်ဖော်လျက်ဖော်ပြရန်နှင့် ခြိမ်းခြောက် အန္တရာယ်ပြုမှုများ၏ ပြင်းထန်မှုနှင့် လက်ရှိကြုံတွေ့ရမှုတို့ကို ဖော်ပြရန်၊
U.3 ထိန်းသိမ်းစောင့်ရှောက်မှု အစီအမံများကို ဖော်ပြရန်၊ သက်ဆိုင်ရာ အသိုက် အဝန်း/ အုပ်စု သို့မဟုတ် အကျုံးဝင်ပါသော လူပုဂ္ဂိုလ်များအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်ကျင့်သုံးမှုနှင့် လက်ဆင့်ကမ်းပြန့်ပွားစေမှုကို လုပ်ဆောင်နိုင်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး အစီအမံများ အသေးစိတ် ဖော်ထုတ်ထားကြောင်း နိုင်ငံများအနေဖြင့် ဖော်ပြရန်၊ ယဉ်ကျေးမှုအမွေအနှစ်ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် မိမိနိုင်ငံ၏ ဒြပ်မဲ့အမွေအနှစ်အမည် စာရင်းတွင် ရေးသွင်း ထားရန်၊
U.4 နိုင်ငံများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်ကို အမည်စာရင်းတင်သွင်းရာတွင် သက်ဆိုင်ရာ အသိုက်အဝန်း၊ အုပ်စု သို့မဟုတ် အကျုံးဝင်သော လူပုဂ္ဂိုလ်များ သည် ယဉ်ကျေးမှုအမွေအနှစ်တင်သွင်းခြင်းကို လွတ်လပ်စွာကြိုတင်၍ သဘော တူညီမှုရှိပြီး အကျယ်ပြန့်ဆုံး ပါဝင်ဆောင်ရွက်ကြောင်း ဖော်ပြရန်၊
U.5 ပဋိညာဉ်စာချုပ်အပိုဒ် ၁၁ နှင့် ၁၂ တို့တွင် သတ်မှတ်ဖော်ပြထားသည့် အတိုင်း ယဉ်ကျေးမှုအမွေအနှစ်သည် အမည်စာရင်းတင်သွင်းသောနိုင်ငံ (များ)၏ ပိုင်နက် နယ်မြေ(များ)တွင် တည်ရှိကြောင်း နိုင်ငံများအနေဖြင့် ထင်ရှားစွာ ဖော်ပြရန်၊
U.6 အဆောတလျင်ထိန်းသိမ်းရမည့်ကိစ္စဖြစ်ခဲ့ပါက ပဋိညာဉ်စာချုပ်အပိုဒ် ၁၇.၃ သတ်မှတ်ဖော်ပြထားသည့်အတိုင်း အမည်စာရင်းတင်သွင်းသောနိုင်ငံ (များ) ၏ ပိုင်နက်နယ်မြေ (များ) က ဆောင်ရွက်မည့် ရည်ရွယ်ချက်များကို အထွေထွေ ညီလာခံက အတည်ပြုပြီး ၎င်းတို့၏ အကြံပြုဆွေးနွေးချက်နှင့်အတူ ဆောင်ရွက် ရန်။
ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းမှုတွင် စံနှုန်းသတ်မှတ်ချက် ၅ ချက် (R. 1 to R.5) တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
R.1 ယဉ်ကျေးမှုအမွေအနှစ်သည် ပဋိညာဉ်စာချုပ်အပိုဒ် ၂ တွင် သတ်မှတ်ထားသည့် အတိုင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်ကြောင်း ပြသရန်၊
R.2 ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် မြင်သာထင်သာရှိပြီး အရေးပါပုံကို သိမြင် နားလည်စေရန် ဆွေးနွေးခြင်းများ ဆောင်ရွက်ရန်၊ ယဉ်ကျေးမှု အမွေအနှစ်ကို စာရင်းတင်ခြင်းဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ မြင်သာထင်သာ တည်ရှိနေမှု နှင့် အရေးပါပုံကို အများက သိမြင်နားလည်စေရန်၊ ဆွေးနွေးမှုများကို တွန်းအား ပေးရန်၊ ကမ္ဘာတစ်ဝန်း မတူကွဲပြားသော ယဉ်ကျေးမှုကို ထင်ဟပ်ပေါ်လွင် စေလျက် လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို သက်သေပြရန်၊
R.3 နိုင်ငံ (များ) အနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ရေးနှင့် မြှင့်တင်ရေးတို့အတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး အစီအမံများကို လက်တွေ့ဆောင်ရွက်ရန်၊ ယဉ်ကျေးမှုအမွေအနှစ်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် မိမိနိုင်ငံ၏ ဒြပ်မဲ့အမွေအနှစ်အမည်စာရင်းတွင် ရေးသွင်းထားရန်၊
R.4 နိုင်ငံများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်ကို အမည်စာရင်းတင်သွင်းရာတွင် သက်ဆိုင်ရာ အသိုက်အဝန်း၊ အုပ်စု သို့မဟုတ် အကျုံးဝင်သော လူပုဂ္ဂိုလ်များ သည် ယဉ်ကျေးမှုအမွေအနှစ်တင်သွင်းခြင်းကို လွတ်လပ်စွာကြိုတင်၍ သဘော တူညီမှုရှိပြီး အကျယ်ပြန့်ဆုံး ပါဝင်ဆောင်ရွက်ကြောင်း ဖော်ပြရန်၊
R.5 ပဋိညာဉ်စာချုပ်အပိုဒ် ၁၁ နှင့် ၁၂ တို့တွင် သတ်မှတ်ဖော်ပြထားသည့် အတိုင်း ယဉ်ကျေးမှုအမွေအနှစ်သည် အမည်စာရင်းတင်သွင်းသောနိုင်ငံ (များ) ၏ ပိုင်နက် နယ်မြေ(များ)တွင် တည်ရှိကြောင်း နိုင်ငံများအနေဖြင့် ထင်ရှားစွာ ဖော်ပြရန်။
စာချုပ်၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်း၊ စည်းကမ်းများကို အကောင်းဆုံးထင်ဟပ် စေသည့် လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများကို စာရင်းတင်သွင်းရာတွင် အောက်ပါ စံနှုန်းသတ်မှတ်ချက် ၉ ချက် (P-1 to P-9) ရှိပါသည်-
P.1 စာချုပ်၏ အပိုဒ် ၂-၃ တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်၏သွင်ပြင်လက္ခဏာ၊ မှတ်တမ်းမှတ်ရာသုတေသန၊ ထိန်းသိမ်းမှု၊ ကာကွယ်မှု၊ တိုးမြှင့်မှု၊ မြှင့်တင်မှု၊ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အထူးသဖြင့် ပညာရေး တို့မှတစ်ဆင့် ယဉ်ကျေးမှုအမွေအနှစ်၏ လက္ခဏာသွင်ပြင်များ ပြန်လည်အသက်ဝင်စေခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့တို့အတွက် ဦးတည် လုပ်ဆောင်ရမည့် လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများကို ဖော်ပြရန်၊
P.2 တစ်မျိုးသားလုံးဆိုင်ရာအဆင့်၊ ဒေသဆိုင်ရာအဆင့်၊ ဒေသခွဲဆိုင်ရာအဆင့်၊ နိုင်ငံတကာဆိုင်ရာအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး၌ ရပ်ရွာအသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြှင့်တင်ရေး တို့အတွက် ဆောင်ရွက်သည့် လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများကို ဖော်ပြရန်၊
P.3 တစ်မျိုးသားလုံးဆိုင်ရာအဆင့်၊ ဒေသဆိုင်ရာအဆင့် ၊ဒေသခွဲဆိုင်ရာအဆင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ၊ စီမံကိန်းများ နှင့် အစီအမံများသည် စာချုပ်၏စည်းမျဉ်းသတ်မှတ်ချက်များနှင့် ရည်ရွယ်ချက် များကို တင်ဟပ်စေသည့် အကောင်းဆုံး လုပ်ဆောင်မှုများ ဖော်ပြရန်၊
P.4 ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ရှင်သန်မှုနှင့်စပ်လျဉ်း၍ လုပ်ငန်းများ၊ စီမံကိန်း များနှင့် အစီအမံများသည် အကျိုးသက်ရောက်မှုရှိရန်နှင့် ပိုမိုရှင်သန် ခိုင်မာမှု ဖြစ်စေရန်၊
P.5 လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများကို အကောင်အထည် ဖော်ဆောင် ရာတွင် ရပ်ရွာအသိုက်အဝန်း၊ အုပ်စု သို့မဟုတ် သက်ဆိုင်ရာပုဂ္ဂလိကတို့က လွတ်လပ်စွာ သဘောတူညီကြောင်းနှင့် ဦးစားပေးဆောင်ရွက်ကြောင်းကို ဖော်ပြရန်၊
P.6 တစ်မျိုးသားလုံးဆိုင်ရာအဆင့်၊ ဒေသဆိုင်ရာအဆင့်၊ ဒေသခွဲဆိုင်ရာ သို့မဟုတ် နိုင်ငံတကာဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်းများ ဆောင်ရွက်ရန် လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံ များကို ဖော်ပြရန်၊
P.7 အဖွဲ့ဝင်နိုင်ငံ(များ) အကောင်အထည်ဖော်ဆောင်မည့်အဖွဲ့(များ)၊ အသိုက်အဝန်း များ၊ အုပ်စုများ သို့မဟုတ် သင့်တော်သည့် သက်ဆိုင်ရာ ပုဂ္ဂလိက ကဏ္ဍများက အကောင်းဆုံးလက်တွေ့ဆောင်ရွက်မှုများ ဖြန့်ဝေရာ၌ ရွေးချယ်ထားသည့် လုပ်ငန်း များ၊ စီမံကိန်းများနှင့် အစီအမံများ၌ ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိကြောင်း သက်သေနှင့်တစ်ကွဖော်ပြရန်၊
P.8 လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများ၏ အင်္ဂါရပ်များသည် ၎င်းတို့၏ ရလဒ် များနှင့် အကဲဖြတ်မှုတို့ကို လိုအပ်သည်ဆိုပါက ပြန်လည်ပြင်ဆင်ပေးရန်၊
P.9 လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက် များနှင့် အဓိကသင့်လျော်မှုရှိစေရန်၊
ပဋိညာဉ်စာချုပ်၏ အပိုဒ် ၂ သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းရေး၌ အရေးပါသော စံနှုန်းတစ်ခုဖြစ်ပါသည်။ အပိုဒ် ၂-၁ တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ အဖွဲ့အစည်းများ၊ အုပ်စုများနှင့် အချို့ကိစ္စရပ်များတွင် တစ်ဦးချင်းစီအထိ ပိုင်ဆိုင်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်များ၏ ထုံးတမ်းဓလေ့များ၊ ကိုယ်စားပြုချက်များ၊ ဖော်ပြချက်များ၊ ဗဟုသုတများ၊ စွမ်းရည်များသာမက ဆက်နွယ်နေသည့် ပစ္စည်းများ၊ အရာဝတ္ထုများ၊ ကိရိယာ ပစ္စည်းများ ကိုဆိုလိုခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ဖော်ဆောင်ထားပါသည်။
အဆိုပါ ပဋိညာဉ်စာချုပ်၏ အပိုဒ် ၂-၂ ၌ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ပိုမိုသိသာ ထင်ရှားစေရန် အောက်ဖော်ပြပါ နယ်ပယ်များကို သတ်မှတ်ပါသည်-
– ဘာသာစကား၊ နှုတ်ပြောအစဉ်အလာများနှင့် ဖော်ပြချက်များ၊ (ဥပမာ- ပုံပြင်၊ ဘာသာစကား၊ ကဗျာ)
– ဖျော်ဖြေတင်ဆက်မှု အနုပညာများ၊ (ဥပမာ – ရိုးရာအက၊ တေးဂီတ)
– လူမှုထုံးတမ်းအစဉ်အလာများ၊ ပွဲလမ်းသဘင်များ၊(ဥပမာ – ၁၂လ ရာသီပွဲတော် များ၊ ဘုရားပွဲတော်များ)
– သဘာဝနှင့် လူသားအားလုံးအတွက် သက်ဆိုင်သည့် အသိပညာနှင့် ထုံးစံများ (ဥပမာ – ဗေဒင်၊ ဆေးကျမ်းများ၊ ပြက္ခဒိန်၊ သနပ်ခါးလိမ်းခြယ်ခြင်း)
– ရိုးရာလက်မှုပညာ (ဥပမာ – ပန်းပဲ၊ ပန်းတိမ် စသော ပန်း (၁၀)မျိုး၊ ရက်ကန်း)
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရာတွင် ၄င်းနှင့်ဆက်စပ်နေသောအရာများကိုပါ ထိန်းသိမ်းရန်လိုအပ်ပါသည်။ ဥပမာအားဖြင့် ထားဝယ်မြို့ရှိ နဂါးလှေလှော်ပွဲအား ထိန်းသိမ်းရာ တွင် လှေလှော်ပွဲကျင်းပသည့် တနင်္သာရီမြစ်ကိုပါ ထိန်းသိမ်းရန်လိုအပ်ပါသည်။
သို့သော် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းခြင်းသည် ယဉ်ကျေးမှုနှင့် လူမှုအသိုက် အဝန်းရှိ လူသားတို့၏ စွမ်းဆောင်မှု၊ ကျွမ်းကျင်မှု၊ ဗဟုသုတ၊ အလေ့အထ၊ လက်တွေ့ ဆောင်ရွက်နိုင်မှုဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တို့အား ကာကွယ်ထိန်းသိမ်း စောင့်ရှောက် ခြင်းသာ ဖြစ်ပါသည်။ ဒြပ်မဲ့ယဉ်ကျေးမှုတွင် ဆင့်ကဲပြောင်းလဲလာမှုနှင့်အတူ အမြဲ ပြောင်းလဲ လျက်ရှိသည့်အတွက် စစ်မှန်မှု (Authenticity)ကို အဓိက မထားခြင်းသာ ဖြစ်ပါသည်။ တနည်း အားဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ရပ်ရွာရှိ လူထုမှ လက်ခံပြီး မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းခြင်းကိုသာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ပါသည်။ လက်ဆင့် ကမ်းရာ၌ သဘာဝအလျောက် လက်ဆင့်ကမ်းခြင်း (ဥပမာ- မြန်မာ့သနပ်ခါးလိမ်းခြင်း)နှင့် သင်ကြားခြင်းဖြင့် လက်ဆင့်ကမ်းခြင်း (ဥပမာ- ငွေပန်းတိမ် အတတ်ပညာ) ဟူ၍ ရှိကြပါသည်။
ပဋိညာဉ်စာချုပ် အပိုဒ် ၁၁ နှင့် ၁၂ တို့တွင် နိုင်ငံများအစုအဖွဲ့တစ်ခုစီဖြင့် ပိုင်နက်နယ်မြေ အတွင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို သေချာစွာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် အတိုင်းအတာအလျောက် ဆောင်ရွက်ထားခြင်းနှင့် နိုင်ငံအတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်များကို စာရင်းကောက်ယူခြင်း သို့မဟုတ် မှတ်တမ်းတင်ထားရှိခြင်းများ (Inventory) ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ပဋိညာဉ်စာချုပ်အပိုဒ် ၁၇.၃ သည် အလွန်အမင်းအရေးပေါ်အခြေအနေ ကိစ္စရပ်များတွင် ကော်မတီက တင်သွင်းသော အဆိုပြုချက်ကို အထွေထွေညီလာခံက အတည်ပြုပြီး ရည်ရွယ် ချက်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ အထွေထွေညီလာခံကော်မတီ၏ အကြံဉာဏ် များကို ထည့်သွင်းရေးသားဖော်ပြရန်ဟု ပါရှိပါသည်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်တွင် လက်တွေ့ ဆောင်ရွက်နေသော ရပ်ရွာအသိုက်အဝန်းက အဓိကမဏ္ဍိုင်တစ်ခုဖြစ်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ဆောင်ရွက်ခြင်း၊ သတ်မှတ်ခြင်း၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက် ခြင်းသာမက ယူနက်စကို(UNESCO)သို့ အဆိုပြုတင်သွင်းသည့်အချိန်ထိ ရပ်ရွာအသိုက်အဝန်း က ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ တစ်နည်းအားဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်း တင်သွင်းရေးတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ဆောင်ရွက်နေသော အသိုက်အဝန်းက ထောက်ခံမှသာ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်သကဲ့သို့ မျိုးဆက် တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းဆောင်ရွက်နေမှသာ ရှင်သန်နေသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ကြပါသည်။
သို့ဖြစ်ပါ၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမှုကို လက်တွေ့ဆောင်ရွက်နေသော အသိုက်အဝန်းက မိမိတို့ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းခဲ့သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို မြတ်မြတ်နိုးနိုးဖြင့် ဆက်လက်ထိန်းသိမ်း၍ နောင်မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်း ရှင်သန် စေသကဲ့သို့ အမိမြန်မာပြည်၏ မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ သတ်မှတ်ခြင်း၊ စာရင်း ကောက်ယူခြင်း၊ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းသို့ တင်သွင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုပါကြောင်း နှိုးဆော်တိုက်တွန်း ရေးသားလိုက်ရပါသည်။