နူးညံ့သောစွမ်းအား(သို့မဟုတ်)ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း “Soft Power: Cultural Diplomacy” နှင်းမြတ်သူ(ယဉ်ကျေးမှု)

နိဒါန်း
ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းအား နိုင်ငံတစ်နိုင်ငံက ၎င်း၏နိုင်ငံခြားရေးရာမူဝါဒရည်မှန်းချက် (သို့မဟုတ်) ၎င်း၏သံတမန်ရေးရာကိစ္စများကို ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် လက်ခံကျင်သုံးသော သံတမန်ရေးရာကိစ္စရပ်ပင်ဖြစ်ကြောင်း အလွယ်ကူဆုံး အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ နိုင်ငံများသည် ပဋိပက္ခများကို ကာကွယ်ရန်၊ ယဉ်ကျေးမှုများ ပုံစံသွတ်သွင်းခံရခြင်းနှင့် မိမိယဉ်ကျေးမှုကိုသာ ဗဟိုပြု၍ စံသတ်မှတ်ထားခြင်းကို တားဆီးရန်၊ အပြန်အလှန် နားလည်မှုတိုးမြှင့်ရန်တို့ကို ရည်ရွယ်ပြီး ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းကို ရာစုနှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်လာခဲ့ကြပါသည်။ ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းဆိုသည်မှာ ယခုအချိန်မှသာ ပေါ်ပေါက်လာသော ဝေါဟာရနှင့် ဆောင်ရွက်ချက်မဟုတ်ဘဲ သမိုင်းရှည်ကြာစွာ ဆောင်ရွက်ခဲ့ကြသော အထောက်အထားများလည်းရှိပါသည်။ နယ်မြေသစ်များကို စူးစမ်းရှာဖွေသူများ၊ ခရီးသွားလာသူများ၊ ကုန်သွယ်သူများ၊ သင်ကြားပြသသူများနှင့် အနုပညာရှင်များသည် ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းကို ဆောင်ရွက်သူများအဖြစ် သတ်မှတ်ရ မည်ဖြစ်ပါသည်။ အကျဉ်းအားဖြင့်ဆိုရပါမူ အနုပညာ၊ အားကစား၊ စာပေ၊ ဂီတ၊ သိပ္ပံ၊ ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာနယ်ပယ်များနှင့် အခြားနယ်ပယ်များတွင် မတူညီသော ယဉ်ကျေးမှုများနှင့် ထိတွေ့ ကူးလူး ဆက်ဆံခဲ့ရသူ မည်သူကိုမဆို ယဉ်ကျေးမှုရေးရာသံတမန်များအဖြစ်သတ်မှတ်နိုင်ပါသည်။
ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းနှင့် ၎င်း၏အရေးပါပုံ
ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းသည် လူသားများအကြား မတူညီသော အတွေးအခေါ် အယူအဆများ၊ တန်ဖိုးထားသတ်မှတ်မှုများ၊ ရိုးရာဓလေ့ထုံးစံများကို အကျိုးရှိရှိ ဖလှယ်အသုံးချခြင်း၊ ဆက်ဆံရေးများကို အားဖြည့်မြှင့်တင်ခြင်း၊ လူမှုရေး-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေခြင်းနှင့် တိုင်းပြည်၏အမျိုးသားရေးစိတ်ဓါတ်ကို မြှင့်တင်ခြင်းတို့အတွက် ဆောင်ရွက်သော လုပ်ငန်းစဉ်ပင်ဖြစ်ပါသည်။
ယနေ့ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းသည် ကမ္ဘာတစ်ဝှမ်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် အဓိကအရေးပါသော အရာဖြစ်လာပါသည်။ လူမှုအဖွဲ့အစည်းအလွှာအသီးသီးတွင် ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းကို လက်ခံကျင့်သုံးပါက အဆိုပါ ယဉ်ကျေးမှုရေးရာဆိုင်ရာကိစ္စရပ်များသည် လူထုအမြင်ကိုလွှမ်းမိုးနိုင်သည့် တမူထူးခြားသော စွမ်းရည်အဖြစ် ဖြစ်ပေါ်လာပြီး လူတစ်ဉီးတစ်ယောက်ချင်းစီမှစ၍ လူမှုအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုများ၏ အတွေးအမြင်စနစ်ကို ပြောင်းလဲလာစေပါသည်။ ထိုသို့ပြောင်းလဲလာရာတွင် အောက်ပါအဓိကအချက် (၅) ချက်ကို တွေးခေါ်ဆင်ခြင် တတ်လာစေရန်နှင့် အဆင့်ဆင့်ကျင့်သုံး အကောင်အထည်ဖော်လာစေရန် အထောက်အကူပြုလာပါသည်-
(၁) မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် အမွေအနှစ်များကို အသိအမှတ်ပြုခြင်းနှင့် တန်ဖိုးထားလေးစားခြင်းများ၊
(၂) ကမ္ဘာလုံးဆိုင်ရာ မတူကွဲပြားသော ယဉ်ကျေးမှုရေးရာ ဆွေးနွေးမှုများ၊
(၃) တရားမျှတမှုများ၊ ညီညွတ်မျှတမှုများနှင့် အပြန်အလှန် မှီခိုအားထားမှုများ၊
(၄) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကာကွယ်မှုများ၊
(၅) ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးများ။
အဆိုပါအချက်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိပြီး ပထမအချက်ဖြစ်သော မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် အမွေအနှစ်များကို အသိအမှတ်ပြုခြင်းနှင့် တန်ဖိုးထားလေးစားခြင်းကို သိရှိနားလည် အကောင်အထည်ဖော်ပြီးပါက ထိုမှတစ်ဆင့် ဒုတိယအချက်၊ တတိယအချက်နှင့် စတုတ္ထအချက်စသည်ဖြင့် အဆင့်ဆင့် ဖော်ဆောင်နိုင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးများကို ဖော်ဆောင်နိုင်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။
နူးညံ့သောစွမ်းအား(သို့မဟုတ်)ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း
ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးများတွင် အသုံးပြုလေ့ရှိသော စွမ်းအား (၂) မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ခိုင်မာတောင့်တင်းသော ရုပ်ပိုင်းဆိုင်ရာ စွမ်းအား (Hard Power) ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ နူးညံ့သောစွမ်းအား (Soft Power) ပင်ဖြစ်ပါသည်။ ယခင်ရာစုနှစ်များအလွန်က နိုင်ငံအချင်းချင်းဆက်ဆံရေးတွင် ခိုင်မာတောင့်တင်းသော ရုပ်ပိုင်းဆိုင်ရာ စွမ်းအား (Hard Power) အဖြစ် စစ်ရေး၊ စီးပွားရေး အစရှိသော အင်အားများကို အသုံးပြုပြီး လွှမ်းမိုးချုပ်ကိုင်ခဲ့ကြသော်လည်း ယနေ့ခေတ်တွင် အဆိုပါနှစ်ရပ်အနက် နူးညံ့သော စွမ်းအား(Soft Power) ကို အထူးအလေးထားအသုံးပြုလာကြပါသည်။ နိုင်ငံရေးသိပ္ပံပညာရှင် ၁ ဉီးဖြစ်သူ Prof. Joseph S. Nye က နူးညံ့သော စွမ်းအား(Soft Power) သည် ခိုင်မာတောင့်တင်းသော ရုပ်ပိုင်းဆိုင်ရာ စွမ်းအား (Hard Power) ကဲ့သို့ စစ်ရေးအင်အား၊ စီးပွားရေး အင်အားဖြင့် အနိုင်ယူခြင်း (သို့မဟုတ်) အကြပ်ကိုင် လွှမ်းမိုးခြင်းမျိုးမဟုတ်ဘဲ ယဉ်ကျေးမှုတန်ဖိုးနှင့် အတွေးအခေါ်များမှတစ်ဆင့် ဆွဲဆောင်သိမ်းသွင်းနိုင်သည့် စွမ်းအင်ပင်ဖြစ်သည်ဟု ဖွင့်ဆိုခဲ့ပါသည်။
သို့ဖြစ်ရာ ယနေ့ခတ်တွင် နိုင်ငံများသည် ၎င်းတို့၏အမျိုးသားရေး လက္ခဏာပုံရိပ်တို့ကို အပြည့်အဝဖော်ထုတ် မိတ်ဆက်ပြသနိုင်ရန် ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းကို နူးညံ့သော စွမ်းအား(Soft Power) အဖြစ် အသားပေးဆောင်ရွက်လာကြပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းအားလုံးလိုလိုသည် ယဉ်ကျေးမှုရေးရာ သံခင်းတမန်ခင်းကို မိမိတို့ ကိုယ်ပိုင်နည်းလမ်းများဖြင့် ဖော်ထုတ်မိတ်ဆက်လျက်ရှိပြီး နိုင်ငံအချင်းချင်း ချစ်ကြည်ရေး တည်တံ့ခိုင်မြဲစေရန်နှင့် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများကို အခြားနိုင်ငံများနှင့် မတူညီသောလူမှုအဖွဲ့အစည်းတို့က လေးစားတန်ဖိုးထားလာကြစေရန် ဆောင်ရွက်လာကြပါသည်။ ယနေ့ခေတ်ကာလတွင် နူးညံ့သော စွမ်းအား(Soft Power) သည် ခိုင်မာတောင့်တင်းသည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းအား(Hard Power) ထက် ပိုမိုအားကောင်းလာသည်ကိုတော့ ငြင်းဆိုမရသည့် အချက်ပင်ဖြစ်ပါသည်။
ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း၊ ၎င်း၏အမျိုးအစား စံသတ်မှတ်မှု သီအိုရီနှင့် ၎င်းကိုယ်တိုင် ဖြစ်ထွန်းလာသော ယဉ်ကျေးမှု
ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း၏ သဘောတရားများသည် အမျိုးအစားစံသတ်မှတ်မှု သီအိုရီ (သို့မဟုတ်) စံသတ်မှတ်မှုအား စီမံခန့်ခွဲမှုနှင့် ရောယှက်လျက်ရှိပါသေးသည်။ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အခန်းကဏ္ဍသည် ကမ္ဘာ့နိုင်ငံများစွာအတွက် ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများ၏ စံသတ်မှတ်မှုများကို ဖော်ထုတ်မြှင့်တင်ရာ၌ အရေးပါသည့် ဉီးဆောင်ကဏ္ဍတစ်ရပ် အဖြစ်ပါဝင်လာပါသည်။ နိုင်ငံများသည် ၎င်းတို့၏ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များနှင့် အနုပညာရပ်များကို ပြင်ပနိုင်ငံများသို့ ဖော်ထုတ်ပြသခြင်းဖြင့် ၎င်းတို့သည် မည်သို့သော လူမှုအဖွဲ့အစည်းဖြစ်သည်ကို ကမ္ဘာသို့ပြသနိုင်သော အခွင့်အရေးများ ရှိလာမည်ဖြစ်ပါသည်။ တနည်းဆိုသော် မိမိနိုင်ငံ၏ ကောင်းမွန်သော ပုံရိပ်ကို တည်ဆောင်နိုင်မည်ဖြစ်ကာ အဆိုပါနိုင်ငံက ဖော်ဆောင်မည့်နိုင်ငံတကာ ဆက်ဆံရေး၏ ရည်ရွည်ချက်များလည်း ပိုမိုအောင်မြင်လာနိုင်မည်ဖြစ်ပါသည်။ ယင်းသို့သော အခြေခံအကြောင်းတရားကြောင့် ယဉ်ကျေးမှုရေးရာ သံခင်းတမန်ခင်းသည် ကမ္ဘာ့နိုင်ငံ အသီးသီးက အသိအမှတ်ပြု သုံးစွဲလာသော ယဉ်ကျေးမှု တစ်ခုအဖြစ် ၎င်းကိုယ်တိုင် ဖြစ်ထွန်းလာခဲ့ပြန်ပါသေးသည်။
ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း၏အမျိုးအစားများ
ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း၏ အမျိုးအစားများစွာရှိပါသည်။ ၎င်းတို့အနက် ဉပမာအနေဖြင့် တင်ပြရပါမူ နိုင်ငံများအကြား ချုပ်ဆိုသော ယဉ်ကျေးမှုရေးရာနားလည်မှု စာချွန်လွှာများ၊ ညီအစ်မမြို့တော် သဘောတူညီမှုများ၊ ပညာတော်သင်ထောက်ပံ့မှုများ၊ ပညာရေးဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ၊ ဘာသာစကားသင်ကြား/သင်ယူမှုများ၊ ရိုးရာအစားအစာများ၊ ရုပ်ရှင်နှင့် စာပေပွဲတော်များ၊ အနုပညာလက်ရာ ခင်းကျင်းပြသပွဲများနှင့် အားကစားပြိင်ပွဲများ အစရှိသည့် လုပ်ဆောင်ချက်များပင် ဖြစ်ပါသည်။ ထို့အပြင် လူငယ်ဖလှယ်ရေးအစီအစဉ်များ၊ ယဉ်ကျေးမှု ဖျော်ဖြေပွဲများနှင့် အခြားသော ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်းသည်လည်း အပါအဝင်ဖြစ်ပါသည်။ အဆိုပါကိစ္စရပ်များကို ရှုမြင်ခြင်းအားဖြင့် အင်အားကြီးနိုင်ငံများသည် အထက်ဖော်ပြပါ ကိစ္စရပ်များတွင် ဘဏ္ဍာငွေများစွာသုံးစွဲပြီး ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ပြည်ပနိုင်ငံများတွင် မိတ်ဆက်ကာ မြှင့်တင်နိုင်ရေး ဆောင်ရွက်လာကြပါသည်။ သို့ဖြစ်ရာ ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းသည် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာရပ်တည်ချက်အတွက် နိုင်ငံ၏ယဉ်ကျေးမှုအား “ဒိုင်း” သဖွယ် အကာအကွယ်ပြုကာ ရှေ့ဆက်ဖော်ဆောင်သော နိုင်ငံရေးဆောင်ရွက်ချက် တစ်ရပ်အဖြစ်လည်း ရှုမြင်နိုင်ပါသည်။ ဤအခြေခံအကြောင်းတရားအရ ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းသည် နိုင်ငံရေး၊ စီးပွားရေးရာ သံခင်းတမန်ခင်း၏ ဆင့်ပွားအရာမဟုတ်ဘဲ ယင်းတို့အတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း လေ့လာတွေ့ရှိနိုင်ပါသည်။
ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းမှ ယူဆောင်လာပေးသော အရာများ
ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းကို ဆောင်ရွက်ခြင်းဖြင့် မတူညီသော ယဉ်ကျေးမှုများကို ပိုင်ဆိုင်ထားသော လူမှုအဖွဲ့အစည်းများအကြား အပြန်အလှန်နားလည်ယုံကြည်မှုနှင့် လေးစားမှုတို့ကို ယူဆောင်လာပေးနိုင်ပါသည်။ ဉပမာအားဖြင့် တင်ပြရပါမူ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လက်ရာပစ္စည်းတစ်ခုကို အခြားနိုင်ငံတွင် မိတ်ဆက်ခင်းကျင်းပြသခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းတန်ဖိုးမြင့်မားမှုကို အဆိုပါနိုင်ငံမှ ပြည်သူများ သိမြင်နားလည်သဘောပေါက်လာပြီး မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုများကို အထင်ကြီးလေးစားလာစေခြင်းအားဖြင့် အပြန်အလှန်လေးစားတန်ဖိုးထားတတ်သော စိတ်ထားကို ဖန်တီးဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။
သို့ဖြစ်ရာ ယဉ်ကျေးမှုရေးရာကို တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်နေကြသော သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့နိုင်ငံသားများအတွက် အမျိုးသားရေးစိတ်ဓါတ်ဆိုင်ရာ အသိပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များအား ထင်ရှားခိုင်မာသော မှတ်တိုင်များအဖြစ် တည်ဆောက်ပေးရန်၊ မိမိတို့လူမှုအဖွဲ့အစည်းတစ်ရပ်၏ အတွေးအမြင်များ ထည့်သွင်းပါဝင်နေသော ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်ဆောင်ရွက်မှုများ ဖြစ်သည့် ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းကို ဒေသတွင်းနှင့် ဒေသပြင်ပနေရာများတွင်ပါ တိုးမြှင့်ဆောင်ရွက်ရန်၊ မိမိနိုင်ငံ၏ ဂုဏ်သတင်းကို တိုးမြှင့်နိုင်ရေး ဘက်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံမှ ထောက်ပံ့ကူညီပေးရန် တာဝန်ရှိပါသည်။ ထို့အပြင်မိမိတို့နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်နေမှုများကို ဖော်ထုတ်ပြသနိုင်မည့် အနုပညာလက်ရာများကို ဖန်တီးထုတ်လုပ်ပြီး ကမ္ဘာအရပ်ရပ်မှ နိုင်ငံများနှင့် ယဉ်ကျေးမှု ဖလှယ်ရေး လုပ်ငန်းများဆောင်ရွက်ကြရန်၊ အပြန်အလှန်ရင်းနှီးချစ်ကြည်မှုများ တည်ဆောက်ကြရန်လည်း အထူးလိုအပ်လှပါသည်။
ယနေ့ခေတ်အချိန်အခါတွင် ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်းသည် အထူးအရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်လာပြီး နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်ချက်ကို ကိုယ်စားပြု ဖော်ပြလာနိုင်ပြီ ဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံသားတိုင်းသည် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်ချက်ကို ကိုယ်တိုင်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်နိုင်သည် ဖြစ်ပါ၍ အားလုံးအတူတကွပူးပေါင်းကာ ပြည်သူတစ်ရပ်လုံးက ပိုမိုပါဝင်လာနိုင်စေရန် ယဉ်ကျေးမှုရေးရာသံခင်းတမန်ခင်း၏ သဘောသဘာဝများကို လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန်လည်း လိုအပ်လှပါသည်။ သို့မှသာ မိမိတို့၏ စည်းလုံးညီညွတ်မှုများ၊ အမျိုးသားရေးစိတ်ဓါတ်နှင့် မျိုးချစ်စိတ်ဓါတ်များ ဉီးစွာရှင်သန်လာမည် ဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံတကာ ယဉ်ကျေးမှုများနှင့် နားလည်ယုံကြည်မှုရှိစွာ အပြန်အလှန်ဖလှယ်နိုင်ကြမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ယနေ့ခေတ်တွင် မိမိတို့ ဉီးတည်သွားရမည့် လမ်းကြောင်းကို ထင်ရှားစွာသိမြင်နေကြပြီ ဖြစ်ပါ၍ တစ်ဉီးတစ်ယောက်ချင်းစီက မိမိတို့နိုင်ငံအား ကိုယ်စားပြုဖော်ပြနိုင်ရေးအတွက် ဖြစ်နိုင်ချေရှိသော အကောင်းဆုံးနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။
ကျမ်းကိုး
http://www.culturaldiplomacy.org/index.php…
-Mark, S. (2009). A Greater Role for Cultural Diplomacy. (N. I. Ingrid d’Hooghe & Ellen Huijgh, Ed.) the Netherlands Institute of International Relations “Clingendael”
-Cultural Diplomacy as a Form of International Communications, Marta Ryniejska-Kieldanowicz, Ph.D., University of Wroclaw, Institute for International Study, The section of International Communication, finalist paper, Institute for Public Relations, BledCom Special Prize
-LintonR.(1952), the Cultural Background of Personality, London: Routledge & K.Paul, p.31
-Ham P.(2001) the Rise of the Brand State. The Postmodern Politics of Image and Reputation. “Foreign Affairs”, September-October, Vol.80, No.5, P.4
-Taylor P.M.(2007), Global Communications, International Affairs and the Media since 1945, London and New York: Routledge, P.79