ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်နှင့်အညီလျှောက်လှမ်းနေသည့်မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (မာလာအောင်-ယဉ်ကျေးမှု)

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၌ မျက်မြင်အားဖြင့် အကောင်အထည်မဖော်ပြနိုင်ဘဲ လူသားတို့၏ နှလုံးသား၌ စွဲကျန်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage)ဟူ၍ ရှိပါသည်။ တနည်းအားဖြင့် မျိုးဆက်တစ်ခုမှမျိုးဆက်တစ်ခုထံသို့ ယဉ်ကျေးမှု အမွေအနှစ်များကို နှုတ်ဖြင့်ဖြစ်စေ၊ လက်တွေ့သင်ကြားပေးခြင်းဖြင့်ဖြစ်စေ၊ မှတ်တမ်းမှတ်ရာများထားရှိပေး၍ဖြစ်စေ ရှေးယခင်မှယနေ့မျက်မှောက်ကာလထိ ဆင့်ကဲ ဆင့်ကဲရောက်ရှိလာခြင်းသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပေါ်ထွန်းလာခြင်းပင်ဖြစ်ပါ သည်။
အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန်နှင့် ထောက်ပံ့ကူညီပေးရန် ရည်ရွယ်၍ ကမ္ဘာ တစ်ဝန်းလုံးရှိ နိုင်ငံများပါဝင်ဖွဲ့စည်းထားသည့် ယူနက်စကိုအဖွဲ့အစည်း (UNESCO- United Nations Educational, Scientific and Cultural Organization – ကုလသမဂ္ဂပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း)သည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ မှ အောက်တိုဘာလ ၁၇ ရက်နေ့ အထိ ကျင်းပခဲ့သည့် ၃၂ ကြိမ် မြောက်အထွေထွေအစည်းအဝေး(32nd Session)တွင် ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်များအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ် (2003- Convention for the Safeguarding of the Intangible Cultural Heritage)ကို ကြေညာခဲ့ပါသည်။
မြန်မာနိုင်ငံလက်မှတ်ရေးထိုးခဲ့ခြင်း
မြန်မာနိုင်ငံသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရန်၊ အလေးထားတန်ဖိုးထားနိုင်ရန်နှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာပဋိညာဉ်စာချုပ်တွင် ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း
မြန်မာနိုင်ငံအနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုများ ထိန်းသိမ်းခြင်းကို ၂၀၁၄ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ခဲ့ပါ။ မြန်မာတို့၏ဒြပ်မဲ့ယဉ်ကျေးမှုတို့ကို ရှေးဘိုးဘေးများမှ ယနေ့ လူငယ်များထံသို့ လက်ဆင့်ကမ်းလာခြင်းသည် ရှေးခေတ်အဆက်ဆက်နှစ်ပေါင်းများစွာ ကစ၍ ယနေ့တိုင်ပင် ရှင်သန်နေပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး နောက်ပိုင်း ၁၉၅၂ ခုနှစ်၌ ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာနကိုတည်ထောင်၍ ဝန်ကြီးဌာနလက်အောက်ရှိ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် မြန်မာ့တိုင်းရင်း သားမျိုးနွယ်တို့၏ မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းကြသည့် ရိုးရာဓလေ့ထုံစံများ နှင့် ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ပြပွဲများပြုလုပ်ခြင်း၊ ပြတိုက်များတွင် ပြသခြင်း၊ စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းများကို ဆောင်ရွက်ခြင်းဖြင့် ရိုးရာ ယဉ်ကျေးမှုကို ရှင်သန်စေရန် အားပေးဆောင်ရွက်ခဲ့ပါသည်။
ရှေးဟောင်းသုတေသနဌာနကလည်း ဒြပ်ရှိယဉ်ကျေးမှုများဖြစ်သည့် ခေတ်အဆက်ဆက် ရှေးဟောင်းအဆောက်အအုံများရှိ အနုပညာလက်ရာများ၊ မြန်မာနိုင်ငံအတွင်းရှိ ရှေးဟောင်း နေရာများ တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိကြပါသည်။ ၂၀၀၇ ခုနှစ်တွင် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနနှင့် ရှေးဟောင်းသုတေသနဦးစီး ဌာနတို့ပေါင်း၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်အမျိုးသား စာကြည့်တိုက် ဦးစီးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်သည် သမိုင်းသုတေသနနှင့်ပေါင်း၍ ဦးစီးဌာနတစ်ခု ဖွဲ့စည်းလိုက်ပါသဖြင့် ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနအဖြစ်သာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု လုပ်ငန်းများနှင့် ဒြပ်ရှိယဉ်ကျေးမှု လုပ်ငန်းများကို ရေရှည်တည်တံ့စေရန် ဆောင်ရွက်လျက် ရှိပါသည်။
အနုပညာဦးစီးဌာနကလည်း ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်သည့် မြန်မာ့ရိုးရာ အနုပညာ များ ဆက်လက်ရှင်သန်စေရန် အနုပညာအထက်တန်းကျောင်းများဖြစ်သည့် ပန်းချီ၊ ပန်းပုနှင့် ပန်တျာကျောင်းများ ဖွင့်လှစ်ပြီး အနုပညာ အမွေအနှစ်ကို လက်ဆင့်ကမ်း၍ ပြည်တွင်း/ ပြည်ပများ၌ မြန်မာ့ရိုးရာ ဂီတ/ အကများကို ရင်းနှီးစေရန် ရည်ရွယ်၍ ဖျော်ဖြေပေးလျက် ရှိကြပါသည်။ ဤနည်းတူစွာ ၁၉၉၃ ခုနှစ်မှ စတင်၍ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ကို ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မန္တလေးမြို့၌ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ထပ်မံဖွင့်လှစ်ပေး၍ မြန်မာ့အနုပညာများဖြစ်သည့် ပန်းချီ၊ ပန်းပု၊ ဇာတ်သဘင် နှင့် ဂီတတို့ကို တက္ကသိုလ်အဆင့် သင်ကြားပေးလျက်ရှိပါသည်။
၂၀၀၇ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၌ သမိုင်းသုတေသနဦးစီးဌာန ပေါ်ပေါက် လာပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရာ၌ လွယ်ကူစေရန် ၂၀၁၃ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်နှင့်ပူးပေါင်း၍ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနဟု ပြန်လည်ဖွဲ့စည်းပြီး မြန်မာ့သမိုင်းအထောက်အထားများကို ဖော်ထုတ်ခြင်းများ နှင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်/ရန်ကုန်) တို့ကလည်း ပြည်သူလူထု ဗဟုသုတရရှိ စေရန် နှင့် ပညာရှာဖွေသူများအတွက် မားမားမတ်မတ် ရပ်တည်ပေးလျက်ရှိပြီး ရှေးဟောင်း ပေစာ၊ ပုရပိုက်စာများကို ထိန်းသိမ်းခြင်းနှင့် အဆိုပါရှေးဟောင်းစာပေများမှ ဒြပ်ရှိ / ဒြပ်မဲ့ ဆိုင်ရာ ယဉ်ကျေးမှုများကို ဖော်ထုတ်လျက်ရှိပါသည်။
၂၀၁၆ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့အား ပေါင်းစည်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဟူ၍ ပေါ်ပေါက်လာပြီး သာသနာ ရေးလုပ်ငန်းများနှင့် ယဉ်ကျေးမှုလုပ်ငန်းများဆိုင်ရာများကိုလည်း ပြည်သူ လူထုနှင့်ပူးပေါင်း ၍ ဆက်လက်အကောင်ထည်ဖော်ဆောင်လျက်ရှိပါသည်။
မြန်မာနိုင်ငံအတွင်း ပဋိညာဉ်စာချုပ်နှင့်အညီ ဆောင်ရွက်ချက်များ
ပဋိညာဉ်စာချုပ်ပါ အခန်း ၁ ရှိ စာချုပ်၏ ရည်ရွယ်ချက်နှင့်အညီ မြန်မာဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို ပိုမိုသိသာ ထင်ရှားစေရန် ယူနက်စကိုမှ သတ်မှတ်ထားသည့် အောက်ဖော်ပြပါ နယ်ပယ် ၅ – ခု အတိုင်း သတ်မှတ်ဆောင်ရွက်လျက်ရှိပါသည်-
(က) ဘာသာစကား၊ နှုတ်ပြောအစဉ်အလာများနှင့် ဖော်ပြချက်များ(ဥပမာ-ကယန်း တိုင်းရင်းသားတို့၏ ခွန်းလှသန်းနှင့် မူအင်းသာပုံပြင်၊ ရိုးရာစကားပုံ၊ စကားထာများ)၊
(ခ) ဖျော်ဖြေတင်ဆက်မှုအနုပညာများ(ဥပမာ-ခေါမ်ဘော့ထွက်အက (ရွှံ့လူးအက)၊ ကျေးလက်အက)၊
(ဂ) လူမှုထုံးတမ်းအစဉ်အလာများ၊ ပွဲလမ်းသဘင်များ(ဘုရားပွဲတော်၊ မနောပွဲ) ၊
(ဃ) သဘာဝနှင့် လူသားအားလုံးအတွက် သက်ဆိုင်သည့် အသိပညာနှင့် ထုံးစံများ (ရှီးပတီးပိုးကောင်တိုင်းရင်းဆေး ၊ အိမ်ဝန်းအတွင်း မစိုက်သင့်သော အပင်များနှင့် သက်ဆိုင်သောအယူအဆများ)၊
(င) ရိုးရာလက်မှုပညာ (ဂျပ်ခုတ်ရက်ကန်း ၊ကောက်ရိုးပန်းချီ)။
ပဋိညာဉ်စာချုပ်ပါ အခန်း ၂ ရှိ စာချုပ်၏အင်္ဂါရပ်များအတိုင်း ယူနက်စကိုက အထွေထွေညီလာခံကို ပုံမှန်အားဖြင့် နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပပါသည်။ ထို့အပြင် ကျင်းပ ရန်လိုအပ်သည်ဟု ဆုံးဖြတ်လျှင်ဖြစ်စေ၊ တောင်းဆိုမှုရှိလျှင်ဖြစ်စေ၊ ထိန်းသိမ်းစောင့်ရှောက် ရေးဆိုင်ရာ နိုင်ငံတကာအစိုးရများဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးကော်မတီ (သို့မဟုတ်) စာချုပ်ဝင်နိုင်ငံများ အစုအဖွဲ့၏ အနည်းဆုံး သုံးပုံတစ်ပုံက တောင်းဆိုမှု ပြုလုပ်လာလျှင် အရေးပေါ်အစည်းအဝေးကိုလည်း ကျင်းပကြပါသည်။ အဆိုပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံ မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြပါသည်။
ပဋိညာဉ်စာချုပ်ပါ အခန်း ၃ ရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဆိုင်ရာ လုပ်ငန်းများအရ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို နယ်ပယ် များ သတ်မှတ်၍ စာရင်းတင်သွင်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့်သင့်လျော်သည့် စာရင်း ကောက်ယူမှုပုံစံ ရှိရန်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ဒြပ်ရှိ၊ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့်စပ်လျဉ်းပြီး ယူနက်စကိုမှ ချမှတ် ထားသည့် စံနှုန်း များနှင့် စာရင်းကောက်ယူမှုပုံစံများကို အများပြည်သူများနှင့် လုပ်ငန်းများ ဆောင်ရွက်နေသူများ နားလည်စေရန် ရည်ရွယ်၍ ယူနက်စကို၏ မြန်မာဘာသာပြန်ဆိုမှုကို အခြေခံကာ စာရေးသူက ဆီလျော်စွာ ဘာသာပြန်ဆိုပြီး ဌာနအကြီးအကဲများက စိစစ်၍ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ လက်စွဲစာအုပ် ၃အုပ် (ဝါ၊ စိမ်း၊ နီ) ကို ၂၀၁၆ ခုနှစ် တွင် ထုတ်ဝေနိုင်ခဲ့ပါသည်။
ဆက်လက်၍ ယူနက်စကို၏ လမ်းညွှန်ထားသည့် စာရင်းကောက်ယူမှုပုံစံကို အခြေခံပြီး မြန်မာနိုင်ငံနှင့်သင့်လျော်သော စာရင်းကောက်ယူမှုပုံစံများ ရေးဆွဲရန် ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ ယူနက်စကိုရုံးခွဲ၊ နှီးနွယ်ဝန်ကြီး ဌာနများ၊ ပြင်ပ အဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် နိုင်ငံ တစ်ဝန်းလုံးမှ စိတ်ဝင်စားသူများတို့ ဖိတ်ခေါ်၍ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ၁၇.၃.၂၀၁၆ ရက်နေ့မှ ၁၈.၃.၂၀၁၆ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းကောက်ယူမှုပုံစံကို အများသဘောတူညီမှုနှင့်အတူ ရေးဆွဲနိုင်ခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းမှုအား ပိုမိုသိရှိနားလည်၍ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုပါဝင်လာခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အသိပညာ ပြန့်ပွားစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။
အဆိုပါစာရင်းကောက်ယူမှုပုံစံကို အသုံးပြု၍ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ တို့၌ စာရင်းကောက်ယူကြရာ ယနေ့အခါတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း စုစုပေါင်း ၂၂၈၉ ခု ကောက်ယူပြီး ဖြစ်ပါသည်။ နယ်ပယ် ၅ ခုအလိုက် အောက်ပါအတိုင်း ဖြစ်ပါသည်-
စဉ် နယ်ပယ် အရေအတွက်
၁။ ဘာသာစကား၊ နှုတ်ပြောအစဉ်အလာများနှင့် ဖော်ပြချက်များ စာရင်း ၁၀၄ ခု
၂။ ဖျော်ဖြေတင်ဆက်မှု အနုပညာများစာရင်း ၅၀၆ ခု
၃။ လူမှုထုံးတမ်း အစဉ်အလာများ၊ ပွဲလမ်းသဘင်များစာရင်း ၆၅၁ ခု
၄။ သဘာဝနှင့်လူသားအားလုံးအတွက်သက်ဆိုင်သည့် အသိပညာနှင့်ထုံးစံများစာရင်း ၁၉၉ ခု
၅။ ရိုးရာလက်မှုပညာစာရင်း ၈၂၉ ခု
စုစုပေါင်း ၂၂၈၉ ခု
(မြန်မာဒြပ်မဲ့ယဉ်ကျေးမှု အတွင်းရေးမှူးအဖွဲ့မှ ရရှိသည့် စာရင်း)
ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လုပ်ဆောင်ချက်များ
မြန်မာနိုင်ငံအတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် တိုးမြှင့်အောင်လုပ်ဆောင်ခြင်းများ ပြီးမြောက်စေရန် အောက်ပါ အတိုင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်-
(က) ကော်မတီများ ဖွဲ့စည်းခြင်း၊
(ခ) မူဝါဒများ ချမှတ်ခြင်း။
ကော်မတီဖွဲ့စည်းခြင်း
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါသည်။ ဝန်ကြီး ဌာနမှ မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီကို ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှဦးစီး၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သမိုင်းအဖွဲ့၊ မြန်မာစာအဖွဲ့တို့ဖြင့် ပထမအကြိမ် ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီကို ၂၀၁၉ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဖြည့်စွက်၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါ သည်။
အဆိုပါ မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီက ပထမအကြိမ်အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ် အစည်းအဝေး ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တိုးတက်မြှင့်တင်ရေးကော်မတီ အစည်းအဝေးများ ကျင်းပခြင်းဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရေးအတွက် လူထုအခြေပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းများကို ညှိနှိုင်းရေးဆွဲနိုင်ခဲ့ပါသည်။ ထို့အပြင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအတွက် ဥပဒေရေးဆွဲခြင်းများလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
ပညာရေး၊ အသိအမြင်မြှင့်တင်ရေးနှင့် စွမ်းရည်တိုးမြှင့်ရေးတို့တွင် လူ့အဖွဲ့အစည်း များ၊ အုပ်စုများနှင့် လူ့ပုဂ္ဂိုလ်တစ်ဦးချင်းစီတို့ ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ နိုင်ငံရှိ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာသင်တန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ဦးစီး၍ သင်တန်းပို့ချပေးလျက်ရှိပါသည်။ ထိုသို့သင်တန်းများပို့ချပေးခြင်းဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ရပ်ရွာအသိုက်အဝန်းများက အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းပြုစုခြင်းများတွင် တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင်၍ လက်တွေ့ ကျကျ ကောက်ယူနိုင်ခဲ့ကြပါသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာအတိုင်းအတာဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရာ၌ စာချုပ်ပါ အခန်း ၄ ရှိ အပိုဒ် ၁၆ ၊ ၁၇၊ ၁၈ တို့နှင့်အညီ ကိုယ်စား ပြုဒြပ်မဲ့ယဉ်ကျေးမှုစာရင်း၊ အဆောတလျင်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စာရင်းနှင့် စာချုပ်၏ ရည်ရွယ်ချက်များနှင့် စည်းမျဉ်း/စည်းကမ်း များကို အကောင်းဆုံးထင်ဟပ်စေသည့် လုပ်ငန်းများ၊ စီမံကိန်းများနှင့် အစီအမံများ စာရင်း ဟူ၍ သတ်မှတ်၍ ဆောင်ရွက်ကြပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု စာရင်း တစ်ခုဖြစ်သည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ထုံးစံအား UNESCO သို့ အသိ အမှတ်ပြု စာရင်းတင်သွင်းရေးအတွက် အလုပ်ရုံဆွေးပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့၊ ပညာရေးဝန်ကြီးဌာနရှိ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်များမှ မြန်မာစာဌာနနှင့် သမိုင်းဌာနတို့မှ ဆရာ/ဆရာမများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပညာရှင်များ၊ မြန်မာနိုင်ငံ သနပ်ခါးအသင်းနှင့် မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း တို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲမှ မြန်မာ့ သနပ်ခါးယဉ်ကျေးမှု ဓလေ့ထုံးစံအား ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုစာရင်း၌ တင်သွင်းနိုင်ရန် လိုအပ်သည့် အချက် အလက်များစွာကို စုဆောင်းရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက မြန်မာ့ သနပ်ခါး ယဉ်ကျေးမှုဓလေ့ အား UNESCO အသိအမှတ်ပြု Representative List of the Intangible Cultural Heritage of Humanity သို့အမည်စာရင်းတင်သွင်းရန် UNESCO ၏ သတ်မှတ်ချက်အတိုင်း Living Heritage Entity, Culture Sector သို့ ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပေးပို့နိုင်ခဲ့ပြီးဖြစ်ပါသည်။
စာချုပ်ပါ အခန်း ၅ ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာ အထောက်အပံ့များပေးခြင်းတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၌ နော်ဝေနိုင်ငံအစိုးရ၏ ကူညီ ထောက်ပံ့မှုဖြင့် ယူနက်စကိုအဖွဲ့မှဦးစီး၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်း များနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြင့်ဆက်စပ် လုပ်ကိုင်ဆောင်ရွက်နေသောသူများ အား စွမ်းရည်မြင့်မားစေရန် ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများကို နေပြည်တော် ၌ ၂၅.၁၁.၂၀၁၃ ရက်နေ့မှ ၂၆.၁၁.၂၀၁၃ ရက်နေ့အထိ လည်းကောင်း၊ မန္တလေးမြို့၌ ၁၉.၅.၂၀၁၄ ရက်နေ့ မှ ၂၄.၅.၂၀၁၄ ရက်နေ့အထိ လည်းကောင်း၊ ရှမ်းပြည်နယ်၊ အင်းလေးဒေသ၌ ၂၇.၁၀.၂၀၁၄ ရက်နေ့မှ ၃.၁၁.၂၀၁၄ ရက်နေ့အထိ လည်းကောင်း၊ တောင်ကြီးမြို့တွင် ၁၄.၉.၂၀၁၅ ရက်နေ့မှ ၁၉.၉.၂၀၁၅ ရက်နေ့အထိ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကြောင့် နိုင်ငံဝန်ထမ်းများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းနေသူများတို့က ဒြပ်မဲ့ယဉ်ကျေးမှု လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် များစွာအထောက်အကူရရှိပါသည်။
ပဋိညာဉ်စာချုပ်၏ နောက်ဆုံးအခန်းကဏ္ဍဖြစ်သည့် အခန်း ၆ ပါ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေထည့်ဝင်မှုနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများမှ ရန်ပုံငွေအား စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန် (Gross Domestic Product – GDP) နှင့် လူဦးရေ အချိုးဖြင့် တစ်နှစ်တစ်ကြိမ် ထည့်ဝင်ရပါသည်။ ပို၍ထည့်ဝင်လိုပါကလည်း ထည့်ဝင်နိုင်ပါသည်။ မြန်မာ နိုင်ငံမှ ဒြပ်မဲ့အမွေအနှစ်ဆိုင်ရာ နှစ်စဉ်ဝင်ကြေး အမေရိကန် ဒေါ်လာ ၃၀၀ ဝန်းကျင် ထည့်ဝင်ရပါသည်။
ဤသို့ဖြင့် နိုင်ငံတော်အစိုးရက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာပဋိညာဉ်စာချုပ်ရှိ အခန်း ကဏ္ဍများနှင့် အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ လူထုကလည်း မိမိယဉ်ကျေးမှုကို မိမိတို့ ချစ်မြတ်နိုးစွာထိန်းသိမ်းခြင်းဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ရှင်သန်နေခြင်းပင်ဖြစ်ပါသည်။ သို့ပါသောကြောင့် မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ရှင်သန် နိုင်ရေးအတွက် အစိုးရနှင့်ပြည်သူလက်တွဲ၍ နိုင်ငံတကာနှင့်ရင်ဘောင်တန်း၍ လျှောက်လှမ်း ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။