ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရွှေကျင်ရန် တူးဖော်နေခြင်းကို တားမြစ်ဆောင်ရွက်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးမြို့နယ်၊ မြင်းကပါကျေးရွာ အပိုင် တောင်ဘီကျေးရွာ အနီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဒေသခံအင်အား (၂၀) ဦးခန့်သည် ရှေးဟောင်း ပစ္စည်းဖြစ်သော ပုတီးစေ့ များ တူးဖော်ရှာဖွေနေကြောင်း သတင်းရရှိမှုအရ (၇.၅.၂၀၂၀)ရက်နေ့ တွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ/လုံခြုံ)၊ ဦးစီးအရာရှိ(နယ်မြေလုံခြုံရေး)၊ လုံခြုံရေးဌာနစိတ်မှ အမှုထမ်းများ၊ ပုဂံနယ်မြေရဲစခန်းမှနယ်ထိန်းအဖွဲ့၊ မြင်းကပါကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးစဉ် တူးဖော်နေသူ (၁၀)ဦးအားတွေ့ရှိရပြီး ၎င်းတို့နှင့် အတူ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဇကာများနှင့်ပစ္စည်းများ တွေ့ရှိရပါသည်။ သိမ်းဆည်းရရှိသည့် ပစ္စည်းများတွင် ရှေးဟောင်း ပုတီးစေ့များ ပါဝင်သိမ်းဆည်းရရှိခဲ့ခြင်းမရှိပါ။
အလားတူ မြင်းကပါကျေးရွာအနီး ရွှေဥမင်ဘုန်းကြီးကျောင်း ဘေးတွင် ရှေးဟောင်းပစ္စည်း များတူးဖော်နေကြောင်း သတင်းရရှိမှုအရ (၁၀.၅.၂၀၂၀)ရက်နေ့၊ ၀၇ : ၄၅ နာရီအချိန်တွင် ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး(စီမံ/ဘဏ္ဍာ/လုံခြုံ)၊ ဦးစီးအရာရှိ(နယ်မြေလုံခြုံရေး)၊ လုံခြုံရေးဌာနစိတ်မှ အမှုထမ်း (၁၂)ဦး၊ ပုဂံနယ်မြေရဲစခန်းမှ နယ်ထိန်းအဖွဲ့၊ မြင်းကပါကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ တူးဖော်နေသူ (၄)ဦးခန့်ကို တွေ့ရှိရပြီး ၎င်းတို့အသုံးပြုသည့် ပစ္စည်းကိရိယာများကို ယူဆောင်ထွက်ပြေး ခဲ့သဖြင့် ဆက်လက်ကြည့်ရှုစစ်ဆေးရာ မြေကျင်းအနက် (၃ ပေ / ၄ ပေ)ခန့်၊ အချင်း (၄)ပေပတ်လည်ခန့်ရှိသော မြေကျင်းများနှင့် တူးဖော်ရာတွင်အသုံးပြု သည့် သံတူရွင်း(၁)ချောင်း၊ မြေကော်ဂေါ်ပြား (၂)ချောင်း၊ တူးရွင်းငန်းပြား(၁)ချောင်း၊ မြေသယ်ယူသည့် ဆာလာအိတ် များ၊ မြေကော်ယူသည့် စတီးသတ္ထုခွက်များ၊ မြေဇကာချသည့် ဇကာ(၅)ခုတို့ကို တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ပါသည်။
အဆိုပါနေရာများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် များတည်ရှိရာဒေသ(ယခင် MZ) ဧရိယာတွင် ကျရောက်လျက်ရှိပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလက ဒေသခံများ ရွှေကျင်ခဲ့သည့်နေရာများဖြစ်သည်ကို တွေ့ရှိရပြီး ယခုအခါ ဒေသခံများ အနေဖြင့် အလုပ်အကိုင်ခက်ခဲ့မှုကြောင့် ယခင်ရွှေကျင်ခဲ့သည့်နေရာတွင် ပြန်လည်ရှာဖွေကြခြင်း ဖြစ်မည်ဟု ယူဆရသဖြင့် ထိန်းသိမ်းခဲ့သော လူ (၁၀)ဦးအား နောက်နောင် ထပ်မံဆောင်ရွက်ခြင်း မပြုရန် ဝန်ခံကတိ လက်မှတ်ရေးထိုးစေပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။