မြန်မာနိုင်ငံသည်အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီကို ၂၀၁၆ ခုနှစ်၌ စတင် ဝင်ရောက်ခဲ့သည်။ထိုသို့ ဝင်ရောက်ခဲ့သည့် အချိန်မှစတင်၍ အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ကိုမူ ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပေါ်နေသည့် COVID19 ကပ်ရောဂါဆိုးကြောင့် ကမ္ဘာ့ပြတိုက်များ၏ ၉၅% မှာ ပိတ်ထားရသည့်အတွက် ယခင်နှစ်များ နည်းတူ အမှတ်တရ အခမ်းအနားများဖြင့် ကျင်းပပြုလုပ်ခြင်းမျိုး ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ပြတိုက်များ ပိတ်ထားစဉ်ကာလမှာ ဧည့်သည်များနှင့် ပြတိုက်တို့အကြား အဆက်အသွယ်မပြတ်စေရန် ပြတိုက်၏ ပင်မလုပ်ငန်းတာဝန်များကို နည်းလမ်းတစ်မျိုးဖြင့် အကောင်အထည်ဖော်သည့်အနေဖြင့် သက်ဆိုင်ရာ ပြတိုက်များအလိုက် Digital Events များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။
ယခုနှစ် ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်နေ့တွင် ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ ပြတိုက်များနေ့ ( International Museum Day 2020 )အထိမ်းအမှတ်အဖြစ် ယခု လတ်တလော ဖြစ်ပွားနေသည့် COVID-19 Pandemic ကာလ အသွားအလာ ကန့်သတ်ထားသည့်အချိန်တွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းအဖြစ် ပြတိုက်နှင့် အများ ပြည်သူများအကြား အဆက်အသွယ် မပြတ်စေရန် ရည်ရွယ်လျက် Digital Museum Activity များကို ပြုလုပ်ခဲ့ကြပါသည်။ အမျိုးသားပြတိုက်(နေပြည်တော်)အနေဖြင့် Online Exhibition ကို (၁-၅-၂၀၂၀)ရက်နေ့မှစတင်၍ National Museum Nay Pyi Taw Facebook Page တွင် စတင် ပြသခဲ့ပါသည်။ ယင်း Page တွင် အမျိုးသားပြတိုက် (နေပြည်တော်)၌ ခင်းကျင်း ပြသထားသည့် ပြခန်းတစ်ခုချင်းစီအား ပြတိုက်မှူး၏ ရှင်းလင်းချက်များနှင့်တကွ လွှင့်တင်ခြင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ယဉ်ကျေးမှုပြတိုက်များနှင့် ရှေးဟောင်းသုတေသနပြတိုက် များ၏ တည်ရှိနေသည့်နေရာနှင့် သတင်းအချက်အလက်အကျဉ်းတို့ကို မိနစ် ၂၀ ခန့် Google Earth မှတစ်ဆင့် ကြည့်ရှုနိုင်ရန်အတွက် “Flight to Museums” ခေါင်းစဉ်ဖြင့် လေ့လာနိုင်ရန် လွှင့်တင် ခဲ့ပါသည်။
ထို့အပြင် British Council ၏ အကူအညီဖြင့် ယခုနှစ် IMD 2020 ၏ Theme ဖြစ်သည့် “မတူကွဲပြားခြားနားပါဝင်၊ ညီညွတ်တူယှဉ်ပြတိုက်တစ်ခွင်” ခေါင်းစဉ်ဖြင့် အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက်(ရန်ကုန်)နှင့် ပုဂံရှေးဟောင်းသုတေသနပြတိုက်တို့မှ ပြတိုက်မှူးများ ပါဝင် ဆွေးနွေး ကြသည့် Digital Event ပြုလုပ်ခြင်းနှင့် မြန်မာနိုင်ငံပြတိုက်များကော်မတီ ICOM- Myanmar အနေဖြင့်လည်း ICOM – Myanmar Page တွင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အထိမ်းအမှတ် Museum Quiz အစီအစဉ် ပြုလုပ်၍ ပါဝင်ဖြေဆိုသူများကို ICOM – Myanmar ဥက္ကဋ္ဌ လက်မှတ် ရေးထိုးထားသော အမှတ်တရ Online Certificate များပေးအပ်ခြင်း အစရှိသည်များကို ပြုလုပ်၍ ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အထိမ်းအမှတ် Digital Events များ ပြုလုပ်၍ ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။