မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်း ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ရှေ့လုပ် ငန်းစဉ် များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြုလုပ်

 မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ် စာရင်း တင်သွင်းခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကိစ္စများနှင့် စပ်လျဉ်း၍ Video Conferencing စံနစ်ဖြင့် ညှိနှိုင်းအစည်းအဝေးကို (၂၆.၅.၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လောကနတ် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကို၊ ဒုတိယဝန်ကြီးဦးကြည်မင်း၊ အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြောက်ဦးဒေသ ကမ္ဘာ့အမွေ အနှစ်တင်သွင်းရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြ ပါသည်။
အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယနေ့ကျင်းပသည့် အစည်းအဝေးမှာ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်ကိစ္စများကို ညှိနှိုင်းဆွေးနွေးရန် ပြုလုပ်သည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ပြန်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအရ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံယဉ်ကျေးမှု ထိန်းသိမ်းရေး အဖွဲ့များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ယခုတိုင် ဖြစ်ပါကြောင်း၊ အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များကို UNESCO ၏ အသိအမှတ်ပြု စာရင်းများ တင်သွင်းခြင်းသည် အမျိုးသားအဆင့် (National Level) ထိန်းသိမ်းစောင့်ရှောက်မှု သာမက နိုင်ငံတကာအဆင့် (International Level) ထိန်းသိမ်းစောင့်ရှောက်မှုများအဖြစ် တိုးမြှင့်ပြီး ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို မပျက်စီး မပျောက်ပျက်စေရေး ထိန်းသိမ်းခြင်း ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်ကလည်း သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီသည့်အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ် ဖြစ်ရန်နှင့် ကမ္ဘာ့အထင်ကရ မှတ်တမ်းအမွေအနှစ်များဖြစ်ရန်ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ အဓိက ရည်မှန်းချက်သည် မြောက်ဉီးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ဖြစ်သည့်အတွက် အဆိုပြုစာတွဲ (Nomination Dossier)တွင် ပါဝင်သည့် အကြောင်းအရာများ အပေါ် လက်ရှိ ကာလအထိ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်၊ လျာထားချက် များကို မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးအကြံပြု ပေးကြပါလို့ တိုက်တွန်း လိုပါကြောင်း၊ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းကစပြီး ယနေ့အထိ (၈)လတာကာလအတွင်း ကဏ္ဍအလိုက်၊ အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခပြဿနာကြောင့် နှောင့်နှေး ကြံ့ကြာခဲ့ရမှုများ၊ ကွင်းဆင်းလုပ်ငန်း၊ အချက်အလက် ကောက်ခံရေးလုပ်ငန်းများမှာ အခက်အခဲရှိသည်များကို မိမိတို့ဌာနအနေနှင့် တတ်စွမ်းသလောက် လုပ်ကိုင်ဆောင်ရွက်ကြသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ ၂၀၁၈ခုနှစ်က စတင်ခဲ့သည့် ဒေသတွင်းပဋိပက္ခများကြောင့် နိုင်ငံတကာပညာရှင်များနှင့် နိုင်ငံတကာ အကူအညီများ၊ လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲကြုံတွေ့ရလျက်ရှိပါကြောင်း၊ မြောက်ဦးဒေသ၏ အနာဂတ်ယဉ်ကျေးမှုထိန်းသိမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း ရေးဆွဲမှုများ မပြီးပြတ်သေးသလို ဒေသခံများနှင့် ညှိနှိုင်း၊ ဆွေးနွေး၍ သဘောထားရယူပြီး ရေးဆွဲသွားရန် လိုအပ်နေပါသေးကြောင်း၊ ပြည်တွင်း/ ပြည်ပ ပညာရှင်များရော၊ ဌာနက ဝန်ထမ်းများပါ တတ်နိုင်သလောက် ဆက်လက်ကြိုးပမ်း ရေးဆွဲနေကြသည်ကိုလဲ တွေ့ရပါကြောင်းနှင့် မှတ်တမ်းလဲတင်ပါကြောင်း၊ ရေးဆွဲရန်လိုနေသေးသည့် စီမံကိန်းများ၊ မဟာဗျူဟာများသည် ပြည်နယ်အစိုးရအဖွဲ့ရော၊ ဒေသခံများအတွက်ပါ လမ်းညွှန်ချက် မူဘောင်များ၊ ကန့်သတ်ချက်များ၊ တိကျစွာလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဒေသခံ တစ်ဦးချင်းစီရော၊ ဒေသအုပ်ချုပ်ရေး အဖွဲ့နှင့် ပြည်နယ်အစိုးရတို့ကလဲ ကြေကြေလည်လည် နားလည်လက်ခံ သဘောတူရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့သာမက ပြည်ထောင်စု အစိုးရအဖွဲ့ကိုပါ ဆက်လက်တင်ပြပြီး အတည်ပြုချက်ရယူရန်လဲ လိုအပ်ပါကြောင်း၊ အဆိုပါစီမံကိန်းများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာနက ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သည့် အရာရှိကြီးများနှင့် အငြိမ်းစားပညာရှင်များက ဝိုင်းဝန်းဘာသာ ပြန်ဆိုခြင်း၊ အချောရေးသားခြင်းများ ဆောင်ရွက်ပြီးစီးနေခြင်းသည် မိမိတို့ဌာန၏လက်တွေ့ အကောင် အထည်ဖော်နေမှု ဖြစ်ပါကြောင်း၊၊ နယ်မြေလုံခြုံအေးချမ်းသွားသည့်ကာလတွင် အမြန်ဆုံး ဆက်လက် ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေမည် ဖြစ်ပါကြောင်း၊ မြောက်ဦးဒေသ၏ ရှေးဟောင်းအမွေအနှစ်များသည် သမိုင်းတန်ဖိုး ကြီးမားသည့်အပြင်၊ အမွေအနှစ်များ၏လက်ရာ၊ ဗိသုကာတည်ဆောက်ပုံအရ တန်ဖိုးဖြတ်၍ မရနိုင်သည့် ထူးခြားထင်ရှားသည့် အမွေအနှစ် အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ မြောက်ဦးဒေသ၏ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ယခုအချိန်မှာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် ကပ်ရောဂါဖြစ်သည့် Covid - 19 အပါအဝင် အခြား အခြားသော အကြောင်းများကြောင့် အခက်အခဲများရှိမည်ဖြစ်သော်လည်း ပါဝင်ဆောင်ရွက်ကြသူများ အားလုံးကဝိုင်းဝန်း၍ ညီညီညွတ်ညွတ်နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေနှင့် မိမိတို့အားလုံးသည် အမွေအနှစ်ကို ချစ်မြတ်နိုးသော စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ယခုအစည်းအဝေး၏ ပင်မရည်မှန်းချက်ဖြစ်သည့် မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး လုပ်ငန်းစဉ်ကြီးအတွက် လိုအပ်ချက်များကို ဆက်လက် ဆောင်ရွက်ကြရင်း နယ်မြေတည်ငြိမ် အေးချမ်းလာသည့်ကာလမှာ အောင်မြင်စွာ တင်သွင်းနိုင်ရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က မြောက်ဉီး ယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ အဆိုပြု စာတွဲ(Nomination Dossier) တင်သွင်းထားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က မြောက်ဉီးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ အဆိုပြုစာတွဲ (Nomination Dossier)၊ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန်ကိစ္စများနှင့် မြောက်ဦးဒေသအတွက် ရေးဆွဲထားသည့် Time Frame နှင့် Work Plan များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက Integrated Management Framework (Management Plan)နှင့် ဆက်စပ်စာတွဲများအား ဆက်လက်ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ရန် ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က Nomination Dossier Chapter IV State of Conservation and factors affecting the Property နှင့်ပတ်သက်၍ လည်းကောင်း၊ စစ်တွေဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က Nomination Dossier Volume I ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံများနှင့် ဆက်စပ်ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်ရမည့်ကိစ္စများ၊ Mrauk-U Com ရုံးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ကိစ္စများနှင့် ပတ်သက်၍ လည်းကောင်း၊ မြောက်ဦးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက မြောက်ဦးဒေသ၏ အဆိုပြုစာတွဲများတွင် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ သရေခေတ္တရာ ဌာနစုမှဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက မြောက်ဉီးဒေသ၏ မြေပုံရေးဆွဲရေးလုပ်ငန်း၊ ရှေးဟောင်းနေရာများဖော်ထုတ်ရေးလုပ်ငန်းနှင့် Geographical Information System (GIS) Data ကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ဟန်လင်းဌာနစုမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအေးက မြောက်ဦးဒေသ၏ Attribute များနှင့် ပတ်သက်၍ လည်းကောင်း၊ ပုဂံဌာနခွဲမှ လက်ထောက်အင်ဂျင်နီယာ ဦးသူရဗိုလ်က မြောက်ဉီးဒေသ၏ Monument Inventory ကောက်ယူပြီးစီးမှုနှင့် ပတ်သက်၍ လည်းကောင်း Video Conferencing ဖြင့် အသီးသီးရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံတို့က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး ခဲ့ပါသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး ညှိနှိုင်းအစည်းအဝေးကို နေ့လည် (၁၅:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။