Covid – 19 ကာလအတွင်း အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ လှုပ်ရှားမှုများ

  နေပြည်တော် ၂၇

          Covid – 19 ရောဂါဖြစ်ပွားနေချိန်ကာလအတွင်း ရောဂါကာကွယ်တားဆီးနိုင်ရေး အတွက် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ဝန်ဆောင်မှုလုပ်ငန်းများအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ မှစ၍ ယာယီပိတ်ထားခဲ့ပြီး၊ ပုံမှန်စာကြည့်တိုက်လုပ်ငန်းများနှင့် ရုံးလုပ်ငန်းများအား စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိသည်။

          သို့ရာတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများ  စာကြည့်တိုက်ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့စေရန် အတွက်  စာကြည့်တိုက်ပညာများအား အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ညွှန်ကြားရေးမှူးက သင်ကြားပြသပေးကာ ဝန်ထမ်းများအား ဆက်လက်လေ့လာဆည်းပူးစေခြင်း၊ စာဖတ်သူများ လိုအပ်သည့် အချက်အလက်များအား ရှာဖွေကာ 0nline မှတစ်ဆင့် ဝန်ဆောင်မှုများပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များအတွက် ဝတ္ထုတိုများ၊ ပုံပြင်များ၊ ကာတွန်းများ အား မြန်မာဘာသာစကားဖြင့်လည်းကောင်း၊ ချင်းတိုင်းရင်းသားဘာသာစကားဖြင့် လည်းကောင်း ဖတ်ပြပေးခြင်းတို့ကို  ဗွီဒီယိုမှတ်တမ်းတင်၍ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) Facebook တွင် ဖော်ပြပေးလျက်ရှိပါသည်။

          ထို့ပြင် စာဖတ်သူစိတ်ဝင်စားသော စာအုပ်များဖြစ်သည့် ဆရာကြီး ဦးဖေမောင်တင် တည်းဖြတ်ထားသောခေတ်စမ်းပုံပြင်များ(ခေါ်)ခေတ်စမ်းဝတ္ထုများစာအုပ်ထဲမှ ဆရာကြီး မင်းသုဝဏ်၏ရန်ရှင်းဝတ္ထုကိုလည်းကောင်း၊ ဆရာထင်လင်း၏စောင်းကြိုးတင်းသည့် သီချင်းသံဝတ္တုတို ကိုလည်းကောင်း၊ ဂျပန်၏နာမည်ကြီး ခေးအိုးတက္ကသိုလ် တည်ထောင်သူဖူကူဇာဝါ ယူကီချီဘာသာပြန်စာအုပ်ကိုလည်းကောင်း၊  ရှားပါးစာအုပ်များဖြစ်သည့် ၁၈၂၅ ခုနှစ်ထုတ် အင်္ဂလိပ်မြန်မာအဘိဓာန်များ၏ ရှေ့ပြေးစာအုပ်ကိုလည်းကောင်း၊ ၁၈၄၅ ခုနှစ်ထုတ် ပထမ ကျောင်းသုံး အင်္ဂလိပ်မြန်မာအဘိဓာန် ကိုလည်းကောင်း စသည်ဖြင့် ကောင်းနိုးရာရာ စာအုပ်များကို ရွေးချယ်ကာ Book Review  ပြန်လည်ရေးသား၍ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) Facebook တွင် ဖော်ပြပေးလျက်ရှိပါသည်။

          ဆက်လက်၍ သားငယ်သမီးငယ်များနှင့် လက်မှုပညာကို စိတ်ပါဝင်စားသောပရိသတ်များ အတွက် ရောင်စုံစက္ကူများဖြင့် နှင်းဆီပန်းများ၊ ရောင်စုံငှက်များ၊ မြေခွေးရုပ်များ၊ ငါးရုပ်များ ပြုလုပ်ခြင်း စသည်တို့ကို ဗွီဒီယိုဖိုင်များဖြင့်  အမျိုးသားစာကြည့်တိုက်(နေပြည်တော်) Facebook တွင် ဖော်ပြပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

          စာဖတ်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များအနေဖြင့် Covid – 19 ကာလအတွင်း ပုံပြင်များ၊ ကာတွန်းများ၊ ဝတ္ထုတိုများ၊ စာအုပ်များနှင့် လက်မှုပညာအစီအစဉ် များကို National Library of Myanmar – Nay Pyi Taw Facebook Page (https:www. facebook.com/nationallibraryofmyanmar)တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။