သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယမန်နေ့ ညနေ ပိုင်းတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ရောက်ရှိပြီး ညောင်ဦးခရိုင် အုပ်ချုပ်ရေး မှူး၊ မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုဂံဒေ သ အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံများ လုံခြုံရေး နှင့် ကာကွယ်စောင့်ရှောက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ၁၀ နာရီတွင် ပုဂံရှေးဟောင်း သုတေသန ပြတိုက် အစည်း အဝေး ခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြား ရာ၌ ပြည်ထောင်စု အစိုးရအဖွဲ့၊ ဝန်ကြီးဌာန များ၊ ပညာရှင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသ ခံများအားလုံး၏ ပူးပေါင်းကြိုးစားမှုကြောင့် ပုဂံယဉ် ကျေးမှုအမွေအနှစ်ဒေသသည် ၂၀၁၉ခုနှစ် ဇူလိုင် ၆ ရက် တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသ တစ်ခုဖြစ် ခဲ့ပြီ ဖြစ်ပါကြောင်း၊ ပုဂံဒေသကာကွယ် ထိန်းသိမ်း ရေးနှင့်ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်ကော်မတီ (WHC) က အကြံပြုချက်(၁၈)ချက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြန်လည်တင်ပြနိုင်ရန် ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပုဂံ ဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီးနောက် တစ်နှစ်မပြည့်မီကာလအတွင်း ပုဂံ ယဉ်ကျေးမှုအမွေ အနှစ်ဒေသအတွင်း ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် တိုးချဲ့ခေတ်သစ် အဆောက်အဦ တည်ဆောက်ခြင်း၊ စက်ယန္တရားကြီးများ အသုံးပြု၍ မြေတူးဖော်ခြင်း၊ ဘူဒိုဇာ အသုံးပြု၍ မြေတူးဖော်ခြင်း၊ ကွန်တိန်နာ မြှုပ်ခြင်း၊ မြေကျင်း တူးဖော်ခြင်း၊ ရှေးဟောင်း အမွေအနှစ်များတည်ရှိရာ လမ်းမ၊ လမ်းသွယ် များပေါ်တွင်တန်ချိန်မြင့် အုတ် သဲကျောက် ဘိလပ်မြေကားကြီးများနှင့် အခြားတန်ချိန်မြင့် ကားကြီးများ ဖြတ်သန်း မောင်းနှင်နေခြင်းတို့ကို ဒေသခံအချို့က တင်ပြ ထားခြင်းရှိပါကြောင်း။
ပုဂံမြို့သစ်၊ သီရိပစ္စယာတွင် ခြံစည်းရိုးအုတ်နံရံ တံတိုင်းတည်ဆောက်ခြင်း၊ လူသွား လမ်းခင်းခြင်း၊ အမွေ အနှစ် နေရာအားခြံစည်း ရိုးခတ်ခြင်း စသည့် သတင်းအချက်အလက် အချို့ကို ယူနက်စကိုက ဝန်ကြီးဌာနသို့ ညှိနှိုင်းအကြောင်း ကြားသဖြင့် စိစစ်ဆောင်ရွက် ပေးနေမှုလည်းရှိပါ ကြောင်း၊ ယခုလည်း လူမှုကွန်ရက်နှင့် သတင်းမီဒီယာအချို့တွင် ပုဂံရှိ ဘုရားအဆူ (၅၀) ခန့် ဖောက်ထွင်းခံရသည် စသည်ဖြင့် ဖော်ပြနေကြ၍ အကြီးအကဲများနှင့် ပြည်သူများ စိုးရိမ်ပူပန်မှုကို ကြားသိရပါကြောင်း၊ အမှန်စင်စစ်မှာ စုစုပေါင်း ဘုရား (၃၃)ဆူမှာ ဌာပနာတိုက်ဖောက်ထွင်းခံရ သည်ဟု သံသယဖြစ်ရပြီး အမှန်စင်စစ် (၁၂)ဆူတွင် ဌာပနာ ဖောက်ထွင်းခံထားရသည်ကို တွေ့ရှိရ ပါကြောင်း၊ ကျန်(၂၁)ဆူသည် စေတီပုထိုးများကို အသစ် ပြုပြင် မွမ်းမံခဲ့စဉ်က အလှူရှင်များ ဌာပနာရန်အတွက် အထက်ဌာပနာပေါက်အဖြစ် ၁ ပေ ပတ်လည်ခန့် ချန်ထား ခြင်းဖြစ်ပါကြောင်း။
ဇွန် ၉ ရက် ည ၇နာရီ ၄၅ မိနစ်တွင် လောကထိပ်ပန် ဘုရားအဝင်မုခ်ဦးအတွင်း သံပန်း တံခါးတွင် တပ်ဆင် ထားသော ဝါးယင်းလိပ် မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါကြောင်း၊ အဆိုပါ ဖြစ်စဉ်သည် မသမာသူတစ်ချို့က ထင်းရှူးဆီ အသုံးပြု၍ မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ ရှိရပါ ကြောင်း၊ အဆိုပါဖြစ်စဉ်များသည် ပုဂံ ဒေသ အတွင်း မပြီးစီးသေးဘဲ လက်ရှိရေးဆွဲ နေဆဲဖြစ်သည့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရေး မဟာဗျူဟာ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ၊ ခရီးသွားလုပ်ငန်း မဟာဗျူ ဟာ၊ မြို့ပြနှင့် ဒေသဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်၊ ဒေသခံ ပြည်သူများအကျိုးစီးပွားနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး အတွက် ရေးဆွဲလျက်ရှိသည့် မဟာဗျူဟာများ အတွက်ပါ အနှောင့်အယှက်များ ဖြစ်ပေါ်ရုံသာမက ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ထိခိုက် လာနိုင် ပါကြောင်း၊ အလားတူနှစ်စဉ် ဇွန်၊ ဇူလိုင်လများတွင် ပြုလုပ်နေကျဖြစ်သည့် ကမ္ဘာ့အမွေအနှစ် ညီလာခံတွင် ယခုကဲ့သို့ ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်မှုနှင့် လုံခြုံရေး ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးလာနိုင်သည်အထိ သက်ရောက်မှုရှိလာနိုင်ပါကြောင်း၊ ဒေသ ဖွံ့ဖြိုးရေး၊ ဒေသခံများ လုပ်ကိုင် စားသောက်မှုများအပြင် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက် ရေး အတွက်ပါ သက်ရောက် မှုများ ဖြစ်ပေါ် လာနိုင်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြ တိုက်ဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှု အမွေအနှစ်ကာကွယ်ထိန်းသိမ်းရေး ကော်မတီဝင်များ၊ ပုဂံ ဧည့်လမ်းညွှန် အသင်း၊ ဌာနဆိုင်ရာများ၊ ဒေသခံ လူမှုရေးအသင်းအဖွဲ့များမှ ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသကာ ကွယ်ထိန်းသိမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ များကိုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ပုဂံဒေသတွင် ရှေးဟောင်းစေတီပုထိုးပေါင်း(၃၈၂၂)ဆူရှိသည့်အနက် ကိုဗစ်-၁၉ ကြောင့် ရောဂါ ကူးစက်မှု မရှိစေရန် Stay at Home နေထိုင်ကြစဉ်ကာလအတွင်း ဤသို့ စေတီပုထိုး (၁၂) ဆူ၏ဌာပနာများ ဖောက်ထွင်း ခိုးယူခံရသည့်ဖြစ်စဉ်ကို ပုဂံကဲ့သို့သော ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ် စာရင်းဝင်ဒေသများ အတွင်း ထပ်မံမဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား တိုးချဲ့ကင်းလှည့်ခြင်း၊ ဒေသခံများနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၏ လုံခြုံရေးအင်အား များပူးပေါင်းစစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရေရှည်အတွက် အစောင့်လုံခြုံရေး ဝန်ထမ်းများ တိုးချဲ့ခန့်ထားရန်၊ CCTV ကဲ့သို့သော စောင့်ကြည့် ကိရိယာများ တပ်ဆင်ရန်၊ ယဉ်ကျေးမှုတန်ဖိုးကြီးသော ရှေးဟောင်း စေတီပုထိုး များ အားအဆင့် ခွဲခြားသတ်မှတ်၍ ကန့်သတ်စိစစ်ကြည့်ရှုခွင့်ပြုရန်အပါအဝင် ပုဂံယဉ်ကျေးမှု အမွေ အနှစ် ရေရှည်ထိန်းသိမ်းရေး၊ ကာကွယ်စောင့်ရှောက်ရေးအစီအမံများ ညှိနှိုင်း ဆောင်ရွက် လျက်ရှိ ကြောင်း၊ ဒေသခံများ လူမှုစီးပွား ဘဝမြှင့်တင်မှုဆောင်ရွက်ခြင်းဖြင့် ဒေသခံများ၏ ပူးပေါင်းကူညီ ဆောင်ရွက်မှု၊ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ရေရှည်အစီအမံဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဖောက်ထွင်းခိုးယူသည့်ကိစ္စကိုလည်း တာဝန်ရှိသူများက စုံစမ်းဖော်ထုတ် အရေး ယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ Website နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် အသေးစိတ် ဖော်ပြထား ရှိရာ ဝင်ရောက် ကြည့်ရှု နိုင်ကြောင်း သိရသည်။