ပျူမြို့ဟောင်း (၃)မြို့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ခြင်း (၆)နှစ်ပြည့်မြောက်

မြန်မာနိုင်ငံရှိ ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်းမြို့ဟောင်း၊ သရေခေတ္တရာ မြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ဝင်ရောက်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ (38th Session of the World Heritage Committee)၌ ကမ္ဘာ့အမွေအနှစ်အဖြစ် အတည်ပြုသတ်မှတ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၂)ရက်နေ့တွင် (၆)နှစ်ပြည့်မြောက်ပြီ ဖြစ်ပါသည်။

ပျူမြို့ဟောင်း(၃)မြို့၏ အမွေအနှစ်တို့သည် ခိုင်မာမှုရှိခြင်း(Integrity)၊ စစ်မှန်မှုရှိခြင်း (Authenticity)စသည့် ဂုဏ်ရည်တို့နှင့် ပြည့်စုံပါသည်။ ထို့အပြင် ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ရန် စံတန်ဖိုး (၆) ချက်ရှိသည့်အနက် စံတန်ဖိုး(၂)- Interchange ခေါ် ဒေသတွင်း ယဉ်ကျေးမှုဖြစ်ပေါ်ပြောင်းလဲခြင်းကို ကိုယ်စားပြု ဖော်ပြခြင်း ၊ စံတန်ဖိုး(၃)- Testimony ခေါ် သက်သေအထောက်အထားခိုင်လုံမှုရှိခြင်း၊ စံတန်ဖိုး(၄)- Typology အမျိုးအစားသည် အမွေအနှစ်၏ ပုံသဏ္ဍာန်ကို ဖော်ပြနိုင်ခြင်း အချက်များဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည်။

ထို့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ကမ္ဘာ့အမွေအနှစ်ဝင်ရောက်ရေး လုပ်ငန်းစဉ်များတွင် ကဏ္ဍ အလိုက် ပါဝင်ကူညီပေးခဲ့ကြသည့် ပြည်တွင်း ပြည်ပပညာရှင်၊ ဆက်စပ်ဌာနဆိုင်ရာများသာမက ဒေသခံတို့၏ ပါဝင် ဆောင်ရွက်ကြောင့်သာ  ကမ္ဘာ့အမွေအနှစ်ကော်မတီဝင်နိုင်ငံတို့၏ အသိအမှတ်ပြု တခဲနက်ထောက်ခံမှုဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့ဟောင်းများအဖြစ် ပေါ်ပေါက်လာရခြင်းဖြစ်ပါကြောင်းနှင့် ယနေ့ကျရောက်သည့် ပျူမြို့ဟောင်း (၃)မြို့၏ (၆)နှစ်ပြည့်မြောက်သည့် အခါသမယ၌  ကမ္ဘာ့အမွေအနှစ်တင်သွင်းရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသူများအား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ကြောင်း ထပ်လောင်း ဖော်ြပအပ် ပါသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန