သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်ရှိ ဇေကမ္ဘာပြတိုက် တည်ဆောက်နေမှု လုပ်ငန်းခွင်အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုသည် ယနေ့ မွန်းလွဲ(၁၅:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရေပင်လမ်း၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ Royal Mingalardon Golf Club အနီးရှိ မြေ (၄)ဧကခွဲပေါ်တွင် ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ တည်ဆောက်လျက်ရှိသည့် ဇေကမ္ဘာပြတိုက်သို့ရောက်ရှိကာ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇေကမ္ဘာပြတိုက်တည်ဆောက်နေမှုလုပ်ငန်း ခွင်အတွင်း လှည့်လည်ကြည့်ရှုပါသည်။ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ပြတိုက် တည်ဆောက်မှုလုပ်ငန်းများ၊ ရှေးဦး ဆင်(၅)မျိုး၏ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ကမ္ဘာဦးသတ္တဝါ များ၏ကျောက်ဖြစ်ရုပ်ကြွင်းများ ခင်းကျင်းဆောင်ရွက်နေမှု၊ မြန်မာ့မြေပေါ်တွင် ထွန်းကားခဲ့သည့် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဆိုင်ရာ ယဉ်ကျေးမှုအထောက်အထားများ ခင်းကျင်းမှု၊ စုဆောင်းထိန်းသိမ်းထားသည့် ယဉ်ကျေးမှုအမွေအနှစ်နှင့် မြန်မာ့အနုလက်ရာပစ္စည်းများ နှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ယခုကဲ့သို့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို တန်ဖိုးထား မြတ်နိုးစွာ ထိန်းသိမ်းစုဆောင်းထားခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ပြတိုက်ကြီး အမြန်ဆုံးပြီးစီးအောင် တည်ဆောက် သွားရန်နှင့် စုဆောင်းထိန်းသိမ်းပြသမည့် ရှေးဟောင်း ဝတ္ထုပစ္စည်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ထားသည့်အတွက် ဆက်လက၍ လည်း မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားကာ ပြတိုက်ကြီးဖွင့်လှစ်နိုင်ရေးနှင့် သမိုင်းကြောင်း မှန်ကန်စွာ ခင်းကျင်းပြသနိုင်ရေးအတွက် လိုအပ်သည်များကို ဝန်ကြီးဌာနအနေဖြင့် ကူညီ ဆောင်ရွက်ပေးသွားမည်ဟုပြောကြားခဲ့ပါသည်။ ဇေကမ္ဘာကုမ္ပဏီအနေဖြင့် ပြတိုက်ဖွင့်လှစ်ရန် စတင်စီစဉ်ခဲ့စဉ်ကတည်းက စုဆောင်းထားသော ရှေးဟောင်းပစ္စည်းများ၊ ကျောက်ဖြစ် ရုပ်ကြွင်းများကို ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ မှတ်ပုံတင်ခွင့်လျှောက်ထားရယူစုဆောင်းလျက်ရှိပြီး မြန်မာနိုင်ငံပြတိုက်များ ဥပဒေပြဋ္ဌာန်း ပြီးပါက ဥပဒေနှင့်အညီ ဖွင့်လှစ်ခွင့်လျှောက်ထားပြီး ဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိသည်။