(၂၃)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူး၍ “၂၃ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးအဆင့် အစည်းအဝေး” ကို ၂၃.၆.၂၀၂၀ ရက်နေ့၊ နေ့လယ် (၀၁:၃၀) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့် အရာရှိကြီး ဒေါက်တာဒေါ်ခင်ကြည်ပြာ၊ ပါမောက္ခချုပ်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅ ၊ နေပြည်တော်မှ ပါဝင် တက်ရောက် ကြပါသည်။
အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဗီယက်နမ်နိုင်ငံ၏ “Cohesive and Responsive- ပေါင်းစည်းညီညွတ်မှုနှင့် တုံ့ပြန်နိုင်မှု” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၀ ပြည့်နှစ်အတွက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ဦးစားပေး ကဏ္ဍများ၊ ဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်အတွက် ဦးစားပေးဆောင်ရွက်မည့် နယ်ပယ်များ၊ ၃၆ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံ ခေါင်းဆောင် ကြီးများက အတည်ပြုရန်နှင့် မှတ်တမ်းတင်နိုင်ရန် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်းကောင်စီမှ တင်သွင်းမည့် မှတ်တမ်း (Document) ၂ ခုဖြစ်သည့် “ASEAN Declaration on Human Resources Development for the Changing World of Work” နှင့် “Terms of Reference of the ASEAN TVET Council” ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ အခြေပြမြေပုံ ၂၀၂၅ (ASCC Blueprint 2025) နှစ်လယ်အစီရင်ခံစာ ရေးသားပြုစုရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားအဆင့် နှစ်လယ်အစီရင်ခံစာရေးသားပြုစုရေးအဖွဲ့ များ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်းမဏ္ဍိုင်ရှိ ဆက်စပ်ဝန်ကြီးဌာနများက လတ်တလောဆောင်ရွက်နေ သည့် လုပ်ငန်းအစီအစဉ် (Work Plans) များ၊ နောင်လာမည့် ၅နှစ်တွင် ရှေ့ဆက် ဆောင်ရွက်ကြမည့် လုပ်ငန်း အစီအစဉ်များ၊ ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသည့် ကူးစက်မြန်ကပ်ရောဂါ COVID-19 အပေါ် အာဆီယံဒေသတွင်း တုံ့ပြန်ဆောင်ရွက်နေမှုများ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ ဆက်စပ်ကဏ္ဍများနှင့် ဆက်စပ်မဏ္ဍိုင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားမှုနှင့်စပ်လျဉ်း၍ အာဆီယံမှ မေးမြန်းထားသည့် မေးခွန်းလွှာများအပေါ် သက်ဆိုင်ရာနိုင်ငံ၏ ပြန်လည်ဖြေကြားချက်များ၊ တီမောလက်စ်တေနိုင်ငံသို့ အချက်အလက်များ စုဆောင်းရှာဖွေရေးအဖွဲ့ (Facts Finding Mission) စေလွှတ်ရန် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ထိုင်းနိုင်ငံ၏ ဦးဆောင်မှုအောက်တွင် ASCC Blueprint 2025 နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ SDGs အကြား ဆက်စပ်မှု ရှိသည့်ကဏ္ဍများ အား ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်ရေး ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်သို့ တွဲဖက်အရာရှိများ စေလွှတ်ခန့်ထားနိုင်ရေး ကိစ္စတွင် မြန်မာနိုင်ငံမှ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်အတွက် တွဲဖက် အရာရှိ ၁ ဦးအား စေလွှတ်ပြီးဖြစ်ပါ ကြောင်းနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း တွဲဖက်အရာရှိစေလွှတ်နိုင်ရေး ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။ အဆိုပါ အစည်းအဝေး မတိုင်မီ ကြိုတင်ညှိနှိုင်းအစည်းအဝေးဖြစ်သည့် (၂၈) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(28th SOCA Meeting) ကို ၂၂.၆.၂၀၂၀ ရက်နေ့၊ နံနက် (၀၇:၃၀) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီး ဒေါက်တာ ဒေါ်ခင်ကြည်ပြာ၊ ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) နှင့် ကိုယ်စားလှယ်များက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅ ၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရှိရသည်။