ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း (၁)နှစ်ပြည့်မြောက်ပြီ

======================================================

၁၉၉၆ ခုနှစ်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရေးအတွက် ပထမအကြိမ်တင်သွင်းခဲ့သော်လည်း လိုအပ်ချက်များရှိနေ၍ ခေတ္တဆိုင်းငံ့ ခဲ့ရပါသည်။ ဒုတိယအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့အမွေအနှစ်တင်သွင်းရေး လုပ်ငန်းဆိုင်ရာများကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ UNESCO၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။

ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းရေးဆောင်ရွက်နေစဉ် ကာလ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ၌ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံများအတွက် ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသ အာဏာပိုင်များ၊ ပြည်သူများ၊ ပရဟိတအဖွဲ့များဖြင့် ပူးပေါင်း၍ လုပ်ငန်းစဉ်(၇)ရပ် ချမှတ် ဆောင်ရွက်ခဲ့ရာ UNESCO အဖွဲ့၊ နိုင်ငံတကာပညာရှင်များကပင် လူတန်းစား အသီးသီး ပူးပေါင်း ပါဝင် ဆောင်ရွက်မှုကို မြင်တွေ့ရပြီး သဘာဝဘေးဒဏ်တုံ့ပြန်မှုကို ပီပီပြင်ပြင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း လက်တွေ့လုပ်ဆောင်မှုဖြင့် မျက်မြင်သက်သေ ပြနိုင် ခဲ့ပါသည်။

ကမ္ဘာ့အမွေ အနှစ် အဖြစ်သတ်မှတ်ရန်စံတန်ဖိုး (၆) ချက်ရှိသည့်အနက် စံတန်ဖိုး(၃)- Testimony ခေါ် ပျောက်ဆုံးသွားခဲ့ပြီးဖြစ်သော(သို့)ဆက်လက်ရှင်သန်တည်ရှိနေသော ယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် ရိုးရာအစဉ်အလာတစ်ရပ် ဖော်ပြနိုင်ခြင်း၊ စံတန်ဖိုး(၄)-Typology အမျိုးအစားသည် လူ့ဘောင်သမိုင်းတွင်အရေးပါသောအခြေအနေတစ်ရပ် (သို့) အခြေအနေများကို သရုပ်ဖော်ထားသည့် အဆောက်အဦဆိုင်ရာ ဗိသုကာဆိုင်ရာ၊ နည်းပညာ ဆိုင်ရာတို့ကို ဖော်ပြနိုင်ခြင်း၊စံတန်ဖိုး(၆)- Tradition အမျိုးအစားသည် အဖြစ်အပျက်များ (သို့)ယုံကြည်မှုများ၊ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် တန်ဖိုးများ ပါဝင်သည့် အနုပညာ ဆိုင်ရာနှင့် စာပေလက်ရာများနှင့် ဆက်စပ် မှုများ ဖော်ပြနိုင်ခြင်း  စသည့်အချက်များသည်  ပုဂံယဉ်ကျေးမှုဒေသ၏ ဂုဏ်ရည်လက္ခဏာနှင့် ကိုက်ညီသည့်အတွက် ယင်းစံနှုန်း (၃)ချက်ဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရေးအဆိုပြုစာတွဲ  (အပြည့်အစုံ) Nomination Dossier(Complete)ကို UNESCO သို့ ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီလ (၂၅)ရက်နေ့တွင် တင်သွင်းခဲ့ပြီးနောက်နိုင်ငံတကာအထိမ်းအမှတ် အဆောက် အအုံနှင့် နေရာ ဒေသများကောင်စီ(International Council On Monuments and Sites (ICOMOS) အဖွဲ့မှလည်း ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၁၄) ရက်နေ့မှ (၂၅) ရက်နေ့အထိ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက်၍အကဲဖြတ်လေ့လာ ဆန်းစစ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ ၆ ရက်နေ့တွင် အဇာဘိုင်ဂျန် နိုင်ငံ၊ဘာကူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင်နိုင်ငံများ၏ ထောက်ခံမှုတို့နှင့်အတူ Criteria (iii) ၊ (iv) ၊  (vi) အချက်များဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ခြင်း ခံခဲ့ရ ပါသည်။

 ထို့သို့ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ကမ္ဘာ့အမွေအနှစ်ဝင်ရောက်ရေး လုပ်ငန်းစဉ် များတွင် ကဏ္ဍအလိုက် ပါဝင်ကူညီပေးခဲ့ကြသည့် ပြည်တွင်း ပြည်ပပညာရှင်၊ ဆက်စပ် ဌာနဆိုင်ရာများသာမက ဒေသခံ တို့၏ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့မှုကြောင့်သာ ကမ္ဘာ့အမွေအနှစ် ကော်မတီဝင် နိုင်ငံတို့၏ အသိအမှတ်ပြု တခဲနက်ထောက်ခံမှုဖြင့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် ပေါ်ပေါက်လာရခြင်း ဖြစ်ပါကြောင်းနှင့် ယနေ့ ကျရောက်သည့် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ (၁)နှစ်ပြည့်မြောက်သည့် အခါသမယ၌ ကမ္ဘာ့အမွေအနှစ် တင်သွင်းရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသူများအား အထူး ကျေးဇူးတင် ဂုဏ်ပြု အကြောင်း ထပ်လောင်း ဖော်ပြအပ် ပါသည်။

================================================

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန