သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ရှေးဟောင်း သစ်သားဘုန်းတော်ကြီးကျောင်းများပြုပြင်ထိန်းသိမ်းမှု ကြည့်ရှုစစ်ဆေး

==============================================

ကမ္ဘာ့အထိမ်းအမှတ်အဆောက်အအုံများ ရန်ပုံငွေနှင့် အမေရိကန်အစိုးရ သံအမတ်ကြီးများ ရန်ပုံငွေဖြင့် ကူညီဆောင်ရွက်လျက်ရှိသော မန္တလေး မြို့ရှိ သီပေါမင်းကောင်းမှု သစ်သား ဘုန်းတော်ကြီးကျောင်း ဖြစ်သည့် ရွှေနန်းတော်ကျောင်းသို့ ၁၇-၇-၂၀၂၀ နံနက်ပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်း သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများ က ရွှေနန်းတော်ကျောင်း သမိုင်းကြောင်း၊ ယခင် ပြုပြင် ထိန်းသိမ်းခဲ့မှု အခြေအနေနှင့် ယခုဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ရေရှည် တည်တံ့ကြံ့ခိုင်အောင် ဆောင်ရွက်ရမည့် ကိစ္စရပ် များကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ်၊ (၃၁)လမ်း၊ လမ်း (၇၀)နှင့် (၇၁) လမ်းကြား နန်းဦးတိုက်ရှိ ကုန်းဘောင်ခေတ်နှောင်းပိုင်း လက်ရာ သစ်သားဘုန်းတော်ကြီးကျောင်းဖြစ်သော စားတော်ဝန်မင်း ကျောင်းအား ပြည်ထောင်စုရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းနေမှုများကို ဆက်လက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြ သည်။ ဒုတိယဝန်ကြီးက တာဝန်ရှိသူများအား အဆောက်အအုံ၏ မူလ လက်ရာများ ရေရှည်တည်တံ့ကြံ့ခိုင်အောင် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး နန်းဦးကျောင်းတိုက်၊ ဇေတဝန်ကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓအား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။