ပုဂံဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေထုတ်ပြန်ခြင်း

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ (၁၇:၀၅)နာရီတွင် ရစ်ချ်စတာစကေး (၆.၈) အဆင့် မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံ (၃၈၉)ဆူ ပျက်စီးခဲ့ပါသည်။ ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ အရေးပေါ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးနောက် ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ၏ ပျက်စီးမှုအခြေအနေများကို နိုင်ငံတကာပညာရှင်၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်းဆွေးနွေး စိစစ်မှုအရ ပထမဦးစားပေး၊ ဒုတိယဦးစားပေးနှင့် တတိယဦးစားပေး (၃၀၀)ဆူအနက် (၇၆)ဆူတို့ကို ပညာရှင်များ ဖိတ်ခေါ်၍ ဌာနက တိုက်ရိုက်ကြီးကြပ် ညှိနှိုင်းကာ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်ဖြစ်ပြီး တတိယ ဦးစားပေးမှ ကျန်(၂၂၄)ဆူကို အလှူရှင်များ ဖိတ်ခေါ်ပြုပြင် ထိန်းသိမ်းခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် (၃၁)ရက်နေ့အထိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့်အတူ အဆောက်အဦဦးစီးဌာနနှင့် အခြား အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ထိန်းသိမ်းခဲ့ရာ ဇယားပုံပါအတိုင်း ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ပါသည်။

ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် UNESCO၊ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ၏ အကြံပြုချက်များ၊ Advisor Team ၊ Expert Team တို့၏ အကြံပြု ဆွေးနွေးချက်များ၊ ငလျင်အလွန် ပြန်လည် ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းဆောင်ရွက်ခဲ့သည့် နည်းပညာ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှုဖိုရမ် (Technical Coordination Forum) နှင့် BaganInternational Coordination Committee တို့၏ ဆွေးနွေးညှိနှိုင်းချက်များကို ဌာနအနေဖြင့် လိုက်နာကာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက် လျက်ရှိပါသည်။ ဘာသာရေး ကိုးကွယ် ယုံကြည်မှုအရ တည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံများကိုလည်း ကိုးကွယ်ယုံကြည်မှုနှင့်အညီ အင်္ဂါစုံပြုပြင်လျက်ရှိသကဲ့သို့ ရှေးဟောင်းအဆောက်အအုံများကို ပျက်စီးမှုပမာဏ အလိုက် သော်လည်းကောင်း၊ သမိုင်းတန်ဖိုးအရသော်လည်းကောင်း၊ ဗိသုကာလက်ရာ ကျန်ရှိမှုအရသော် လည်းကောင်း ခေတ်ကာလအပိုင်းအခြားများပေါ် မူတည်၍ ဦးစားပေးအဆင့်များ သတ်မှတ်ပြီး စံချိန်စံညွှန်း တန်ဖိုးနှင့် ကိုက်ညီသည့် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ငလျင်ဒဏ်ခံ ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အလောတကြီး မပြုပြင်ရန်နှင့် ရှေးမူလက်ရာမပျက် ထိန်းသိမ်းရန်စသည့် ချမှတ်ထားသည့် မူအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် (၃၁)ရက်နေ့အထိ အနည်းငယ်သာ ထိခိုက်ပျက်စီးသော ဘုရားပုထိုး(၂၂၄)ဆူနှင့် ရှေးမူမပျက် ထိန်းသိမ်းပြီးဖြစ်သော (၁၆၄)ဆူ၊ စုစုပေါင်း (၃၈၈)ဆူကို လုပ်ငန်းဆောင်ရွက်ပြီးဖြစ်ကာ (၁)ဆူကို ပြုပြင်ထိန်းသိမ်းရေး ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန