ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနား

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ တက္ကသိုလ်အသံသွင်းခန်း၌ (၁၃-၇-၂၀၂၀)ရက်နေ့မှ (၂၄-၇-၂၀၂၀)ရက်နေ့အထိ မြန်မာ့ရိုးရာဆိုင်းသမားစဉ်တီးလုံးတီးချက်များကို ရန်ကုန်မြို့ရှိ ဆိုင်းပညာရှင်ကြီးများနှင့် အဆိုပညာရှင်များဖြစ်သော “မလှိုင်သန်းထွန်း၊ ဦးစဘဌေး၊ ဦးသီရိမောင်မောင်၊ ဦးဟိန်းရာဇာ၊ ဦးလှထွဋ်၊ ပတ္တမြားကုလား၊ ဦးလှသန်း၊ မွန်ပြည်နယ်ကိုကိုနိုင်၊ ဦးနေဝင်း၊ ဝေယံမောင်မောင်၊ ဟိန်းမေတ္တာ၊ ဆန်းဆင့်မောင်မောင်၊ အောင်သူဟိန်း၊ ဒေါ်နုနုစိန်”နှင့် တက္ကသိုလ်မှ ဂီတနှင့် သဘင်ပညာဌာနတို့မှ ဆရာ၊ဆရာမများပူးပေါင်း၍ တီးခတ်၊ အသံသွင်းမှတ်တမ်းယူ ထိန်းသိမ်းထားရှိခဲ့ပါသည်။
ထိုသို့ တီးခတ်၊ အသံသွင်းမှတ်တမ်းယူထိန်းသိမ်းထားရှိခြင်း၏ ရည်ရွယ်ချက်မှာ –

(က)     ဆိုင်းသမားစဉ်တီးလုံးများကို ခိုင်မာစွာလက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန်၊
(ခ)       ဆိုင်းသမားစဉ်တီးလုံးတီးချက်များမှ ကွဲလွဲလာခြင်းနှင့် မူကွဲများပေါ်ပေါက် လာခြင်းမှ ကာကွယ်ရန်၊
(ဂ)       လွန်ခဲ့သော (၂၅)နှစ်တာကာလအတွင်း အသံသွင်းယူထားရှိသော တီးလုံး များ၏ အသံအရည်အသွေး အားနည်းချက်များအစား အသံအရည်အသွေး ပိုမိုကောင်းမွန်မှု ရှိလာစေရန်၊
(ဃ)     တက္ကသိုလ်၏ လက်တွေ့သင်ရိုးညွှန်းတမ်းများတွင် အသုံးပြုနိုင်ရန်နှင့်
(င)       တက္ကသိုလ်၏ Archive ၏ Hard disk တွင် Music Bank ၌ ထိန်းသိမ်း ထားရှိနိုင်ရန်တို့အတွက် ဖြစ်ပါသည်။

“ဆိုင်းသမားစဉ်တီးလုံးတီးချက်များ” အသံသွင်းဖြစ်မြောက်ရေးအတွက်ဆောင်ရွက်ပေးသော ပညာရှင်ကြီး များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ၇-၈-၂၀၂၀ ရက်နေ့၊ နံနက် (၉:၀၀)နာရီ၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပါမောက္ခချုပ်က ကျေးဇူးတင်ဂုဏ်ပြုစကားပြောကြားခြင်း၊ ပညာရှင် မလှိုင်သန်းထွန်း က ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားခြင်းနှင့် ပါဝင်ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဆိုင်းပညာရှင်ကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ဂီတ၊ သဘင်၊ စာပေ ပညာဌာန ပါမောက္ခ/ဌာနမှူးများ ပါဝင်ဆောင်ရွက်ပေးကြသော ဂီတနှင့် သဘင်ပညာဌာနရှိ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြပါသည်။ NUAC(Ygn)