(၂၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို (၇-၈-၂၀၂၀)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) သရဖီဆောင်၊ အနုပညာခန်းမ(၁)၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ ပုလဲကျွန်းလမ်း၊ ရွှေစေတီဝိစာရဓမ္မရိပ်သာကျောင်းတိုက်၏ ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာရ ဦးစီးသော ဆရာတော် သံဃာတော် (၁၀)ပါးတို့အား ပင့်ဖိတ်၍ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားသို့ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာရ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်တော်မူခြင်း၊ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဒုတိယနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဝိစာရက တရားချီးမြှင့်ခြင်းနှင့် ရေစက်ချအမျှပေးဝေခြင်း၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။  တရားနာအခမ်းအနားအစီအစဉ်ပြီးနောက်  တက္ကသိုလ်ဝင်းအတွင်းရှိ ဝန်ထမ်းမိသားစု စုစုပေါင်း(၁၀၀)ဦးကို အလှည့်ကျ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကို (၁၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။