သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ သူရဦးအောင်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ ဟန်လင်း ကမ္ဘာ့အမွေအနှစ်ဒေသနှင့် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် အမြင့်ဒေသတို့ရှိ ရှေးဟောင်းအဆောက်အအုံများအား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ၁၆-၈-၂၀၂၀ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်မှု၊ တူးဖော်ထိန်းသိမ်းထားသော Site museum နှင့် ဟန်လင်း ရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် နံနက် ၀၉:၀၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့်အတူ ဟန်လင်းကမ္ဘာ့အမွေအနှစ်ဒေသရှိ ပန်းပဲ ဝန်မင်းဘုရားစေတီသို့ ရောက်ရှိခဲ့ရာ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ၊ ဟန်လင်းဌာနစု  တာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ခင် က သမိုင်းကြောင်းဆိုင်ရာအချက်အလက်များ ၊ ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်၍ ရွှေဂူကြီးဘုရား သို့ သွားရောက်ဖူးမျှော် ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်၍ ၁၉၆၃ ခုနှစ်က တူးဖော်သုတေသန ပြုကာ Site museum အဖြစ် ထိန်းသိမ်း ပြသထားသည့် ကုန်းအမှတ် ၁၇ နှင့် ၂၀၀၅ ခုနှစ်က တူးဖော်သုတေသနပြု ထိန်းသိမ်းထားသော ကုန်းအမှတ် ၂၆ သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ကမ္ဘာ့အမွေအနှစ်ဌာနခွဲ၊ ဟန်လင်းဌာနစု၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထွန်းထွန်းအေးက တူးဖော်သုတေသနပြုလုပ်မှုအခြေအနေ၊ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု တို့အား ရှင်းလင်းတင်ပြပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုဟန်လင်းဒေသသည် ၂၀၁၄ ခုနှစ်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရသည့် အားလျော်စွာ UNESCO ၏ ကမ္ဘာ့အမွေအနှစ်ဒေသများ ထိန်းသိမ်းရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း/ စည်းကမ်း များနှင့် ကိုက်ညီစွာထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ၊ လာရောက်လေ့လာကြည့်ရှု သူများအတွက် တကူးတက လာရောက်လေ့လာရသည်နှင့် ထိုက်တန်အောင် ဂုဏ်ယူဖွယ်ရာ  ကမ္ဘာ့အမွေအနှစ်ပြယုဂ်များကို ဖော်ထုတ်စုဆောင်း ထိန်းသိမ်းပြသထားရန် လိုအပ်ကြောင်း၊ နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့စေရေးအတွက် ထိန်းသိမ်းကြရန် နှင့် သမိုင်းကြောင်း အချက်အလက်များ ပိုမိုခိုင်မာစေရေးအတွက် စူးစမ်းလေ့လာမှုမပြတ် ပြုလုပ်ရန် လိုအပ် ကြောင်း၊ မြေပြင်တူးဖော်သုတေသနပြုချက်များအရ ရရှိလာသည့် အထောက်အထားများနှင့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို တိုက်ဆိုင်ကြည့်ရှုကာ ပိုမိုတိကျသည့် မှတ်တမ်း များ ထားရှိသွားရန် လိုအပ်ကြောင်းမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟန်လင်းရှေးဟောင်းသုတေသန ပြတိုက်သို့ ရောက်ရှိရာ ဦးစီးအရာရှိ ဒေါ်ချယ်ရီသင်းက ပြတိုက်တွင် ကျောက်ခေတ်ကာလမှ စတင်၍ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်ကာလ ယဉ်ကျေးမှုအမွေအနှစ်များ ခင်းကျင်းပြသ ထားရှိမှု အခြေအနေ၊ ဒေသခံများကလည်း ၎င်းတို့ယာထွန်ရင်း၊ စိုက်ပျိုးရင်းရှေးဟောင်းပစ္စည်းများ တွေ့ရှိ စုဆောင်းရမှုများ နေ့စဉ်လိုလို လာရောက်အပ်နှံလျက်ရှိရာ ဌာနက ဂုဏ်ပြုမှတ်တမ်း တင်၍ ပြတိုက်တွင် ပြသမှုအခြေအနေများ၊ ဟန်လင်းပျူမြို့ဟောင်းတွင် ပြင်သစ်နိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင်များ နှင့် ပူးပေါင်းသုတေသနပြုချက်အရ လွန်ခဲ့သောနှစ်ပေါင်း (၅၀၀၀)ခန့်ကာလ ကျောက်ခေတ်သစ်မှ စတင်၍ လူနေထိုင်မှုများရှိကာ ကြေးခေတ်၊ သံခေတ် လူနေမှု အကြွင်းအကျန်များ ခိုင်မာစွာ တွေ့ရှိခဲ့မှုအခြေအနေ၊ ၎င်းကာလမှ ဆက်လက်၍ ပုဂံခေတ်၊ ကုန်းဘောင်ခေတ်ကာလများအထိ လူနေထိုင်မှုများရှိကာ ယနေ့ကာလအထိ ဟန်လင်းကျေးရွာတွင် ဆက်လက်နေထိုင်ခဲ့ကြသည့် နှစ်ပေါင်း ထောင်ချီတဆက်တစပ်တည်း လူနေမှုရှိခဲ့သည့် သမိုင်းခေတ်များ ဖော်ထုတ်တွေ့ရှိခဲ့သည့် အခြေအနေနှင့် ဟန်လင်း ရှေးဟောင်းသုတေသနပြတိုက်ကို ပိုမိုစုံလင်စွာ ခင်းကျင်း ပြသသွားနိုင်ရန်အတွက် ထပ်မံ တိုးချဲ့တည်ဆောက်ကာ ပြသသွားမည့်အခြေအနေများကို အသေးစိတ်ရှင်းလင်း တင်ပြခဲ့ ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမ၌ ကမ္ဘာ့အမွေအနှစ်ဒေသများ ဌာနခွဲ၊ ဟန်လင်းဌာနစုရှိ အရာထမ်း၊ အမှုထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ ချောင်းဦး မြို့နယ် အမြင့်ဒေသရှိ ပြည်ထောင်စုရန်ပုံငွေဖြင့် ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ် လက်ရာ နံရံဆေးရေးပန်းချီများထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့သည့် မင်းရဲတိုက် ဘုရားစုရှိ ဘုရား အမှတ် အမ – ၁၂၁၊ မင်းအိုချမ်းသာဘုရားစုရှိ ဘုရားအမှတ် အမ – ၁၀၀ တို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် ဘုရား(၈)ဆူအနက်ဘုရားအမှတ် အမ – ၀၅၅၊ ၀၅၆၊ ၀၆၀၊ အလယ်တိုက် ဘုရားစုရှိ ဘုရားအမှတ် အမ-၀၆၁ တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြပြီး ဒေသခံနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဒေသ၏ ယဉ်ကျေးမှု အမွေ အနှစ် ထိန်းသိမ်းရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြပါသည်။

ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်များ ၊ ဒေသခံများ၏ တင်ပြချက်များ နှင့်ပတ်သက်၍ အမြင့်ဒေသရှိ ခေတ်အဆက်ဆက်မှ ယဉ်ကျေးမှုအမွေအနှစ်များ စုဆောင်း ထားမှုကို ဒေသခံများ လှူဒါန်းငွေဖြင့် ပြတိုက်ဆောက်လုပ်လိုမှုအား ပြည်ထောင်စု အစိုးရအနေ ဖြင့် ကူညီဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ဒေသခံများ စုဆောင်းထားသည့်ပစ္စည်းများ အခြေ အနေအရ ပြတိုက်ပုံစံ၊ ခင်းကျင်းပြသရန်နှင့် ရှေးဟောင်းပစ္စည်းများ စနစ်တကျ မှတ်ပုံတင် ပြသရန်အပါအဝင် လိုအပ်သည်များ ကူညီပေးမည်ဖြစ်ကြောင်း၊ မကြာမီ ပြတိုက် ဥပဒေ ပြဌာန်း ပြီးပါကလည်း ပြတိုက်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မိမိဒေသ ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်မြတ်နိုး တန်ဖိုးထား စုဆောင်းကာ ဒေသခံများ ကိုယ်တိုင် ထည့်ဝင်လှူဒါန်းငွေဖြင့် ပြတိုက်ဆောက်လုပ်ကာ ရှေးဟောင်းပစ္စည်းများ အပါအဝင် ဒေသ၏ ရှေးဟောင်းယဉ်ကျေးမှုများကို စုဆောင်းခင်းကျင်းပြသလိုမှု အတွက်လည်း ဂုဏ်ယူကြောင်း ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။