သမိုင်းသုတေသနနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် အမျိုးသားစာကြည့်တိုက်ဥပဒေအရ နည်းဥပဒေရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး (Online Meeting) တွင် အဖွင့်အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၁၆

အမျိုးသားစာကြည့်တိုက်ဥပဒေအရ နည်းဥပဒေများပြုစုရေးဆွဲရာတွင် အထောက် အကူဖြစ်စေရန်အတွက် ထုတ်ဝေသူနှင့် အခြားဆက်စပ်နေသော အဖွဲ့အစည်းများကို ရှင်းလင်းဆွေးနွေးနိုင်ရေးအတွက် (၁၆-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ ၌ Online ဖြင့် ဆောင်ရွက်သည့် အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ညွှန်ကြားရေးမှူး ဒေါ်မြဦးက အမျိုးသားစာကြည့်တိုက်ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) Web Portal မှတစ်ဆင့် ထုတ်ဝေသူများ စာရင်းရေးသွင်းခြင်းနှင့် စာကြည့်တိုက်သုံးကက်တလောက်ပုံစံ လျှောက်ထားခြင်း နည်းလမ်းများကို Myanmar Software Integrated Solutions Co.,Ltd ကုမ္ပဏီက ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းက နိုင်ငံတကာ အသိအမှတ်ပြုစာအုပ်အမှတ်(ISBN)နှင့် နိုင်ငံတကာအသိအမှတ်ပြု စာနယ်ဇင်း အမှတ်(ISSN) လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး၊ အမျိုးသားစာကြည့်တိုက် နည်းဥပဒေရေးဆွဲနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာသော ပညာရှင်ကြီးများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ Online အစည်းအဝေးသို့ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာန၊ မြန်မာနိုင်ငံစာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းတို့မှ တာဝန်ရှိသူများ၊ ဌာနမှတာဝန်ရှိသူများ၊ စာကြည့်တိုက်ပညာရှင်များနှင့် စာကြည့်တိုက်မှူးများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။