ပျူခေတ်ရွှေစေတီတော်နှင့် ဆက်စပ်ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာနေ ဦးမျိုးဝင်း ဦးမြင့်မောင်၊ ဦးအောင်မြင့်၊ ဦးဇော် နှင့် ဦးကြက်တောတို့သည် ယာမြေရှင်းလင်းရာမှ တွေ့ရှိရသည့် ရွှေဖြင့် ပြုလုပ်ထားသည့် ခေါင်းလောင်းပုံစေတီ အစိတ်အပိုင်း တစ်ခုနှင့် ထီးတော်တစ်ခု၊ ငွေဖြင့် ပြုလုပ်ထားသည့် စေတီတော်ပစ္စယာတစ်ခု၊ စေတီတော်အောက်ခံပြားတစ်ခု၊ ငွေနန်းကြိုးအပိုင်းအစ (၃)ခု၊ ငွေပြားအပိုင်းအစ(၂)ခုတို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက် အပ်နှံခဲ့သဖြင့် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကမ္ဘာ့အမွေအနှစ်မြို့ဟောင်းရှိ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ဟန်လင်းဌာနစု အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ယခုကဲ့သို့ ပျူခေတ်ရွှေစေတီငယ်နှင့် ဆက်စပ်ရှေးဟောင်းဝတ္ထုပစ္စည်းများကို  တာဝန်သိစွာဖြင့် လာရောက် အပ်နှံခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်းတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း၊ ယခုလဆန်း ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ခုံကြီးကျေးရွာအုပ်စု၊ ပါဟဲ(မြောက်)ရွာနေ ဦးဘိုမြင့်အပါအဝင် (၆)ဦးတို့က မိမိတို့ ကျေးရွာအနောက်ဘက်ရှိ ကျေးရွာချင်းဆက်လမ်းခင်းရန် စက်ယန္တရားဖြင့် တူးဖော်ထားသော မြေစာပုံအတွင်းမှ ကြေးခေတ်၊ သံခေတ်၊ ရှေးဟောင်းဝတ္ထု ပစ္စည်းများဖြစ်သည့် သံလှံသွား၊ သံလက်နက်၊ သံပုဆိန်သွား၊ ကျောက်ပုတီးစေ့၊ သံတူရွင်း၊ သံဓားနှင့် ကြေးပုဆိန်သွားများ စုစုပေါင်း ပစ္စည်း(၂၅)မျိုးကို လာရောက်အပ်နှံခဲ့သဖြင့် ဆုကြေးငွေ ၉၉၇၄၇၉/-(ကျပ်ကိုးသိန်း ကိုးသောင်း ခုနှစ်ထောင့် လေးရာ ခုနှစ်ဆယ့် ကိုးကျပ် တိတိ)ကို ချီးမြှင့်ပေးအပ် ခဲ့ကြောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်က ဆုကြေးငွေ ၁၁၉၀၂၉၇ဝ/- (ကျပ်တစ်ရာတစ်ဆယ့်ကိုးသိန်း နှစ်ထောင့် ကိုးရာ ခုနှစ်ဆယ် တိတိ)ကို ပျူခေတ်ရွှေစေတီငယ်နှင့် ဆက်စပ် ရှေးဟောင်းဝတ္ထုပစ္စည်းများ တွေ့ရှိအပ်နှံသူ(၅)ဦးနှင့် ယာခင်းပိုင်ရှင်တို့အား ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ ထို့နောက် ဆုကြေးငွေရရှိသူများ ကိုယ်စား  ရပ်မိရပ်ဖ ဦးခင်သောင်းက ယခုကဲ့သို့ ဆုကြေး ငွေချီးမြှင့်ခြင်း အတွက် ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခု ဖြစ်သော ဟန်လင်းမြို့ဟောင်းတောင်ဘက်မြို့ရိုးအပြင်ဘက်၊ ကုန်းအမှတ်(၃)၏ အနောက်တောင်ဘက် ပေ (၁၃၀)ခန့် အကွာ ဒေါ်တင်မ အပိုင် ယာခင်းအား ဒေသခံ လုပ်သား(၅)ဦးတို့က ယာမြေ ရှင်းလင်းခဲ့စဉ် ပျူခေတ် ရွှေစေတီငယ်နှင့် ဆက်စပ်ရှေးဟောင်း ဝတ္ထုပစ္စည်းများကို တွေ့ရှိခဲ့သဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံသို့ (၂၀-၉-၂၀၂၀) ရက်နေ့တွင် လာရောက် အပ်နှံ ခဲ့ရာဝန်ကြီးချုပ်က ကြိုတင်ချီးမြှင့်ငွေ ကျပ်၂၆ သိန်း ပေးအပ်၍လက်ခံခဲ့ပါသည်။ အဆိုပါ ပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ဆုကြေးငွေ ချီးမြှင့်နိုင်ရန် လွှဲပြောင်းပေးပို့ခဲ့ပြီး မူလရွှေထည်နှင့် ငွေထည် တန်ဖိုး အပြင် ခေတ်ကာလ တန်ဖိုးနှင့် လက်ရာ တန်ဖိုးများ ထပ်ဆောင်း၍ ဆုကြေးငွေ ၁၁၉၀၂၉၇ဝိ/-(ကျပ်တစ်ရာ တစ်ဆယ့်ကိုးသိန်း နှစ်ထောင့်ကိုးရာခုနှစ်ဆယ်တိတိ)ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထိုက်တန်စွာ ချီးမြှင့် ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနသည် နိုင်ငံအနှံ့အပြားရှိ ရှေးဟောင်း­ဝတ္ထုပစ္စည်းများကို ရှေးဟောင်း­ဝတ္ထုပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကာကွယ်စုဆောင်းထိန်းသိမ်းလျက်ရှိရာ ပြည်သူလူထု၏ ပူးပေါင်းကူညီဆောင်ရွက်မှုမှာ အရေးကြီးဆုံးကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေအနှံ့အပြားတွင် ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုထွန်းကားခဲ့သည့် ရှေးဟောင်းသင်္ချိုင်းနေရာများ တည်ရှိလျက်ရှိရာ အချို့သောရွာသားများက တရားမဝင်တူးဖော်၍ သင်္ချိုင်းမှ တွေ့ရှိရသည့်  ပုတီးစေ့များ၊ ကြေး လက်နက်၊ သံလက်နက်များ၊ မြေအိုးများ အစရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ပွဲစားများမှ တစ်ဆင့် ရှေးဟောင်းပစ္စည်း မှောင်ခိုရောင်းဝယ်သူများထံသို့ ရောင်းချကြသောကြောင့် အရေးယူခဲ့ရသော ဖြစ်စဉ်များစွာရှိခဲ့ပါသည်။ အနီးစပ်ဆုံးအနေဖြင့်၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ(၁၀)ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူ(စကု)မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊ မန်ကျီးပင်ရွာနေ ဦးအောင်မိုး၏ ယာခင်း၌ လူအင်အား (၃၀၀)ခန့်က ရှေးဟောင်းသင်္ချိုင်းရာ တစ်ခုကို တရားမဝင် တူးဖော်နေကြသဖြင့် ဟန့်တားဆောင်ရွက် ခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

          ယခုအခါတွင် ကမ္ဘာ့အမွေအနှစ် ဟန်လင်းမြို့ဟောင်းမှတွေ့ရှိရသော ပျူခေတ် ရွှေစေတီငယ် နှင့်ဆက်စပ်ပစ္စည်းများကို ဒေသခံများက တာဝန်သိစွာဖြင့် နိုင်ငံ‌တော်သို့အပ်နှံခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှလည်း ကြိုတင်ငွေ ချီးမြှင့်ပေး၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ အပ်နှံပေးခဲ့ခြင်းတို့မှာ ရှေးဟောင်း­ဝတ္ထုပစ္စည်း ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်း အတွက် အားတက် ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ ထို့အပြင် ယခုတွေ့ရှိမှုသည် ကမ္ဘာ့အမွေအနှစ် ဟန်လင်းမြို့ဟောင်းတွင် ပထမဆုံး ပျူခေတ် စေတီငယ် တွေ့ရှိခြင်းဖြစ်၍ သမိုင်းတန်ဖိုးကြီးမားသော တွေ့ရှိမှု ဖြစ်ကြောင်း သတင်းရရှိပါသည်။