ပျူခေတ် ရွှေစေတီတော်၊ အသုံးအဆောင်အဆင်တန်ဆာ ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဆုကြေးငွေ ချီးမြှင့်၍ စုဆောင်းခြင်း၊ ယင်းတို့၏ တန်ဖိုးကို သိရှိတန်ဖိုးထားတတ်စေရန် အများပြည်သူများအား အသိပညာ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အများပြည်သူများက သားစဉ်မြေးဆက် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ နည်းအမျိုးမျိုးဖြင့် တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဤဦးစီးဌာနသို့ လာရောက် အပ်နှံ လာပါကလည်း ဤဦးစီးဌာနလက်အောက်ရှိ အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနပြတိုက် များတွင် စနစ်တကျ မှတ်တမ်းတင် စုဆောင်းထိန်းသိမ်း ပြသထားရှိပါသည်။ လာရောက်အပ်နှံသည့် ရှေးဟောင်းဝတ္ထုပစ္စည်းမှ ရွှေထည်ပစ္စည်းများကို ကာလပေါက်ဈေးအပြင် ခေတ်လက်ရာ၊ အနုစိတ် လက်ရာတန်ဖိုးတို့ကိုပါ ထပ်ဆောင်းချီးမြှင့် စုဆောင်းထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာနေ ဦးမျိုးဝင်း ဦးမြင့်မောင်၊ ဦးအောင်မြင့်၊ ဦးဇော်နှင့် ဦးကြက်တောတို့သည် ယာမြေရှင်းလင်းရာမှ တွေ့ရှိရသည့် ရွှေဖြင့် ပြုလုပ်ထားသည့် ခေါင်းလောင်းပုံစေတီ အစိတ်အပိုင်း တစ်ခုနှင့် ထီးတော်တစ်ခု၊ ငွေဖြင့် ပြုလုပ်ထားသည့် စေတီတော်ပစ္စယာတစ်ခု၊ စေတီတော်အောက်ခံပြားတစ်ခု၊ ငွေနန်းကြိုးအပိုင်းအစ (၃)ခု၊ ငွေပြားအပိုင်းအစ(၂)ခုတို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက် အပ်နှံခဲ့သဖြင့် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဟန်လင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ ဧည့်နားနေဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်၍ ပျူခေတ်ရွှေစေတီငယ်နှင့် ဆက်စပ် ရှေးဟောင်းဝတ္ထုပစ္စည်းများ တွေ့ရှိအပ်နှံသူ (၅)ဦးနှင့် ယာခင်းပိုင်ရှင်တို့အား ဆုကြေးငွေ ၁၁၉၀၂၉၇ဝ/- (ကျပ်တစ်ရာတစ်ဆယ့်ကိုးသိန်း နှစ်ထောင့် ကိုးရာ ခုနှစ်ဆယ်တိတိ) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့အပြင် (၂၁.၁၀.၂၀၂၀)ရက်နေ့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဟန်လင်းဌာနစု အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ အမှတ်(၆)၊ သခွတ္တော ရပ်နေ ဦးရာဇာအောင်၊ ဦးဟန်သူထက် တို့က သံခေတ် အရိုးပုတီး(၉)ကုံး၊ ဖန်ပုတီးစေ့ နီညိုရောင် (၂)ကုံး၊ ဖန်ပုတီးအပြာရောင်(၁)ကုံး၊ ရောင်စုံပုတီး(၇)ကုံး၊ ရောင်စုံပုတီးစေ့(၁)ထုပ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဩဂကျေးရွာနေ ဦးဝင်းဇော်က သံခေတ် ဖန်ပုတီးစေ့ နီညိုရောင်(၁)ကုံး၊ ရောင်စုံပုတီးစေ့ (၁)ကုံး၊ ဖန်ပုတီးစေ့(အပြာရောင်)(၅)ကုံး၊ အရိုးပုတီးစေ့ (၆)ကုံးတို့ကို လာရောက် အပ်နှံခဲ့သဖြင့် စုစုပေါင်းဆုကြေးငွေ ၈၉၀၇၇၅/- (ကျပ် ရှစ်သိန်းကိုးထောင် ခုနှစ်ရာ ခုနှစ်ဆယ့်ငါး တိတိ)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသ အသီးသီးရှိ ဌာနခွဲ၊ ဌာနစုများတွင်လည်း ရှေးဟောင်းဝတ္ထုပစ္စည်းများအား အပ်နှံခြင်း၊ လှူဒါန်းခြင်း တို့အတွက် လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။