သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း စာအုပ် ထုတ်ဝေဖြန့်ချိခြင်း

ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့်အချိန်မှစ၍ ကျဆုံးသည့်အချိန်အထိတိုင် ကလေးဘ၀ မူလတန်း၊ အလယ်တန်း ကျောင်းသားဘ၀ တက္ကသိုလ်ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ် ရေး ကြိုးပမ်းမှုကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ် နိုင်ငံရေး ကြိုးပမ်းမှု ဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထား ခဲ့သည်မှာ အများအပြားပင် ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေး ကြိုးပမ်းမှုကာလ တလျှောက် ပြောကြား ခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်း အရာများကို မိမိတို့ ဖော်ပြလိုသော အဓိက အကြောင်းအရာကို စောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည် ဖြစ်ပါသည်။
ယခုအခါ မြန်မာ့သမိုင်းအဖွဲ့မှ ပညာရှင်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ငယ်ဘဝမှသည် ကျဆုံးရချိန်အထိ ဖြစ်ပျက်တွေ့ကြုံခဲ့သော အဖြစ်အပျက်များကို အသက်အပိုင်းအခြား လိုက် ခေတ်အပိုင်း အခြားအလိုက် ခွဲခြား၍ တာဝန်ယူကာ အဂတိကင်းစွာ သုတေသနပြုစု ရေးသားခဲ့ကြ ပါသည်။ ခေတ်ပြိုင် အထောက်အထားမှတ်တမ်းများကိုသာမက ခေတ်ပြိုင်ဖြစ်သော သက်ရှိထင်ရှားလည်း ရှိနေသေးသော သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံမေးမြန်း၍ ရရှိသော အချက်အလက်များကို ကိုးကား အသုံးပြု၍လည်း ရေးသားပြုစုခဲ့ကြပါသည်။ အခါခါ ပြန်ဖတ်၊ အခါခါ ဖြည့်စွက်၊ အခါခါ ပြုပြင်၍ ရေးသား ပြီးခဲ့သော စာအုပ်တစ်အုပ် ဖြစ်ပါသည်။ အပြည့်အစုံဆုံး အကောင်းဆုံးဟု မဆိုနိုင်သော်လည်း ဗိုလ်ချုပ် အောင်ဆန်း၏ အကြောင်းနှင့်ပတ်သက်၍ကား အတော်အတန်ပြည့်စုံသော စာအုပ်ဖြစ်ပြီဟူ၍ကား ဆိုနိုင်ပါ သည်။ သို့ပါ၍ ဤစာအုပ်ကို ဖတ်ရှုပြီး စာဖတ်သူ ရဟန်းရှင်လူတို့အား လည်းကောင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်သုတေသီအပေါင်း ဝေဖန်ဆန်းစစ်ကြပါဟု ပြောလိုပါသည်။ မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် သမိုင်းပညာရှင်ကြီးများ ရေးသားပြုစုပြီး စာအုပ်ဖြစ်မြောက်ရေးအတွက် သမိုင်းသုတေသနဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ကြိုးပမ်းမှုတစ်ရပ်ဟု မှတ်ယူရပါသည်။ ထိုမျှမက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း ကို လေ့လာသုတေသနပြုစုသူများ မလွဲမသွေ ဖတ်မှတ်ရမည့် စာအုပ်တစ်အုပ် ဖြစ်ပါကြောင်း တင်ပြလိုက် ပါသည်။
စာအုပ်ကို သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃၅) ၊ ဖုန်း ၀၆၇-၄၀၈၃၈၄၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ ကုမုဒြာကြားပန်းဝိုင်းအနီး၊ ဖုန်း ၀၆၇-၄၁၈၄၂၆ နှင့် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမျိုးသားပြတိုက်ရှိ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ ဖုန်း ၀၁-၃၉၅၁၉၀၊ ၃၉၅၁၉၂ တို့တွင် တန်းဖိုးငွေကျပ် ၇ဝဝဝိ/- ဖြင့် ဖြန့်ချိသည်။