ပုဂံဒေသအမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ပထမအကြိမ်မြောက်အစည်းအဝေးကျင်းပ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် အဆိုပြုစာတွဲ တင်သွင်းထားပြီးဖြစ်၍ ကျွမ်းကျင် ပညာရှင်များ မကြာမီလာရောက် စစ်ဆေးမည်ဖြစ်ရာ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးရန်၊ ရေးဆွဲထားသည့် ရေရှည်ကာကွယ်ထိန်းသိမ်းရေး နှင့်စီမံ ခန့်ခွဲ ရေး လုပ်ငန်းစဉ်များကို ဆက်စပ်ဌာနများ၊ ဒေသခံများပူးပေါင်း ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ညီညီညွတ်ညွတ်ဖြင့် တာဝန်ခွဲဝေစီမံခန့်ခွဲ သွားနိုင်ရေး အတွက်လည်းကောင်းဆွေးနွေးညှိနှိုင်းကြသည့် “ပုဂံဒေသ အမျိုးသား အဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Bagan Com) ၏ပထမအကြိမ် အစည်းအဝေး” ကိုပုဂံ ရှေးဟောင်း သုတေသနပြတိုက်၌ ဇွန်လ (၁၀)ရက်နေ့ မွန်းလွဲ၁၂နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက အဖွင့်အမှာစကား ပြောကြားရာတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် မြန်မာနိုင်ငံ၏ အထင်ရှားဆုံး အမွေအနှစ်ဒေသ တစ်ခုဖြစ်ပြီးယခုနှစ် ဇန်နဝါရီလက ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် လိုအပ်သောစာတွဲများကို ယူနက်စကို၊ ကမ္ဘာ့ အမွေ အနှစ်ဗဟိုဌာနသို့ တင်သွင်းနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအစည်း အဝေးသည် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော် မတီ BAGAN COM ၏ ပထမအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ BAGAN COM တွင်ပါဝင်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်စပ်ဌာနများ၏ လုပ်ငန်း တာဝန်များရှင်းပြရန်၊ တာဝန်ခွဲဝေ၍ ပူးပေါင်းဆောင်ရွက်ရန်၊ ဒေသဆိုင်ရာကော် မတီများ ကိုဖွဲ့စည်း ပြီးအဆိုပါ အဖွဲ့အသီးသီး ၏လုပ်ငန်းတာဝန်များကိုညှိနှိုင်းဆွေးနွေးအတည်ပြုရန်၊၂၀၁၈ ခုနှစ်၊ စက်တင် ဘာလ အတွင်းပုဂံဒေသကိုကျွမ်းကျင်ပညာရှင်အဖွဲ့ လာရောက်စစ်ဆေးခြင်း မပြုမီကြိုတင်ပြင်ဆင် ဆောင်ရွက်ထား သင့်သည့် လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးရန်နှင့် ဆက်စပ်ဌာနများ၊ ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက်ရမည့်ကိစ္စများ၊ ပုဂံဒေသ အတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အတည်ပြုရန်ကိစ္စများကိုပူးပေါင်းဆွေးနွေးညှိနှိုင်းအဖြေရှာရင်းပုဂံဒေသကိုအနာဂတ်တွင် စနစ်တကျ စီမံ ခန့်ခွဲသွားနိုင် ရေးအတွက် ရည်ရွယ် ကျင်းပ သည့် အစည်းအဝေးဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကပုဂံဒေသသည် အညာဒေသ၏ ပြယုဂ်တစ်ခုဖြစ်ပါကြောင်း ၊မြန်မာနိုင်ငံရှိရှေးဟောင်းမြို့တော်များအနက် ပုဂံဒေသသည် ထိပ်ဆုံးမှလေ့လာသင့် သည့်နေရာတစ်ခုဖြစ်ပါကြောင်း ၊ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် များကိုကာကွယ်ထိန်းသိမ်း ရမည်ဖြစ် သကဲ့သို့ ပုဂံဒေသတွင် နေထိုင်သည့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖိုးတိုးတက်ရေးကိုလည်း မေ့ထားလို့ မရပါ ကြောင်း၊ဟန်ချက်ညီညီစဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပုဂံဒေသစည်ပင်ဖွံ့ဖြိုးတိုးတက် သည် ကိုမြင်တွေ့ လိုပါကြောင်း၊ ပုဂံဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကိုလည်း စနစ်တကျ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ပုဂံဒေသသည် ကမ္ဘာ့အမွေ အနှစ်စာရင်း ဝင်သင့်သည်မှာကြာပြီဖြစ်ပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်းကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်စေရေး အားပေးသဖြင့်အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်းဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များထဲမှဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့်ပျူမြို့ဟောင်း (၃)မြို့သည် (၂၀၁၄)ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံ၏ပထမဦးဆုံးသော ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုပျူမြို့ဟောင်းများအနက် ဗိဿနိုးမြို့ဟောင်းသည် မကွေးတိုင်းဒေသကြီးအတွင်းတွင် ပါဝင်နေသည့် အတွက်လည်းဂုဏ်ယူမိပါကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် အဓိကပါဝင်လျက်ရှိသည်ကိုလည်း အများသိပြီးဖြစ်ပါကြောင်း၊ ယခုပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းသည့်အခါ တွင် ပုဂံမြို့တစ်ဖက်ကမ်း တွင်ရှိသည့် မကွေးတိုင်းဒေသကြီး အတွင်း ကစွယ်တော်လေးဆူ အပါအဝင်ဖြစ်သည့် တန့်ကြည့်တောင် စေတီတော်မြတ်နှင့် ပတ်ဝန်းကျင်ဒေသ အချို့ပါဝင် လျက်ရှိပါကြောင်းနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပါဝင်ဆောင်ရွက်ခွင့်ရသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်တင်သွင်းရာတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အမွေအနှစ်ဇုန်အတွင်းနှင့် ကြားခံဇုန်အတွင်းတွင် မိမိတို့ကလည်းဥပဒေ၊ စည်းကမ်းများနှင့် အညီ ပုဂံဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင် ရွက်ရေးကော်မတီ (Bagan Com) အဖွဲ့ကြီးနှင့် သက်ဆိုင်ရာ အဖွဲ့စည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူများက ၄င်းတို့ဌာနများနှင့် သက်ဆိုင်သော စီမံခန့်ခွဲမှုလုပ်ငန်းများ ကိုလည်းကောင်း၊ အထွေထွေလိုအပ်ချက်များ ကိုလည်းကောင်း ဝိုင်းဝန်းတင်ပြ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ပုဂံဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်း ဝင်ရောက်နိုင်ရေးနှင့် BAGAN COM ၏ လုပ်ငန်းတာဝန်များ ကိုညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီများကို ဖွဲ့စည်းပြီး အဆိုပါ အဖွဲ့အသီးသီး၏ လုပ်ငန်းတာဝန်များကို ဆွေးနွေးသတ်မှတ် တာဝန်ခွဲပေးရေး၊ ဒေသတွင်းနေ ပြည်သူ လူထုလူနေမှု ဘဝမြှင့်တင်ရေး၊ စားဝတ်နေရေးများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးနှင့် ယဉ်ကျေးမှု အမွေ အနှစ်များ ကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းရေး တို့ကို သဟဇာတဖြစ်စေရေးအတွက် စီမံဆောင်ရွက် ရေးများ ကိုညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.