ပြတိုက်များပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့်အချိန်တွင် လူဦးရေအကန့်အသတ်ဖြင့် ဝင်ရောက်ကြည့်ရှုခွင့်ပြုမည်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ယဉ်ကျေးမှုအမွေ အနှစ်များအား ရှာဖွေဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ပြတိုက်များဖွင့်လှစ်၍ အများပြည်သူများ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ကမ္ဘာ့အနှံ့ဖြစ်ပွားလျက်ရှိသော ကပ်ရောဂါဘေးကြောင့် ပြတိုက်များကို ယာယီပိတ်ထားသော်လည်း ပြတိုက်များပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားလာပါက သက်ဆိုင်ရာ ပြတိုက်များအလိုက် သတ်မှတ်ခွင့်ပြု လူဦးရေဖြင့် ဝင်ရောက်ကြည့်ရှုခွင့်ပြုသွား နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ပါသည်။ထိုကဲ့သို့ ပြန်လည်ဝင်ရောက် ကြည့်ရှုခွင့်ပြုရာတွင် ပြတိုက်များ၏ အရွယ်အစား ၊ ပြခန်းများ၏ အရွယ်အစားအလိုက် တစ်ကြိမ်လျင် ခွင့်ပြုနိုင်မည့် ကန့်သတ်လူဦးရေကိုသာ  ဝင်ရောက်ကြည့်ရှုစေမည်ဖြစ်ကြောင်း သိရပါသည်။   ပြတိုက်များအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် လူစုလူဝေးဖြစ်ပွားစေခြင်း မရှိစေရန်အတွက်  ပြတိုက်သို့လာရောက်လေ့လာလိုသူများအနေဖြင့် မိမိလေ့လာလိုသည့် ပြတိုက်သို့ မိမိလေ့လာလိုသည့် အချိန်၊ နေ့ရက်တို့ကို Online စနစ်ဖြင့် registration ပြုလုပ်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ ပြတိုက်လေ့လာသူများအနေဖြင့် Online စနစ်ဖြင့် ကြိုတင်မှတ်ပုံတင်ခြင်းကို https://museumsmyanmar.com တွင် ဝင်ရောက် Registration ပြုလုပ်နိုင်ပါသည်။ယခုလက်ရှိတွင်အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသားပြတိုက်(ရန်ကုန်) ၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်နှင့် မန္တလေးမြနန်းစံကျော်ရွှေနန်းတော်တို့အတွက် online registration စနစ်ကို အသုံးပြု နိုင်ရန် စီစဉ်ထားပြီးဖြစ်ပါသည်။ ကျန်ရှိသော ပြတိုက်များကိုလည်း Online registration စနစ်ကို တပ်ဆင်အသုံးပြုသွားမည်ဖြစ်ပါသည်။ထို့အပြင် ပုဂံဒေသရှိ ဘုရား၊ ပုထိုးစေတီများအား ပြန်လည်ဖူးမြော်ခွင့်ပြုသည့်အချိန်တွင် သတ်မှတ်လူဦးရေဖြင့် အချိန်အပိုင်း အခြားအလိုက် ဖူးမြော်ခွင့်ပြုနိုင်ရေးအတွက်လည်း အဆိုပါ Online registration စနစ်ကိုကျင့်သုံး သွားမည် ဖြစ်ပါသည်။အဆိုပါ online registration ပြုလုပ်ခြင်းကြောင့် ပြတိုက် လေ့လာသူများ အနေဖြင့်လက်မှတ်ဝယ်ယူရန်စောင့်ဆိုင်းရခြင်း၊လူအများနှင့်ထိတွေ့ဆက်ဆံရခြင်းများမှရှောင်ရှားနိုင်မည်ဖြစ်ပြီး ပြခန်းများအတွင်း ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အေးချမ်းစွာ လေ့လာ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။