(၂၄)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူး၍ “၂၄ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေး” ကို ၆.၁၁.၂၀၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် (၁၂:၃၀) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီးဖြစ်သော ဒေါက်တာဒေါ်ခင်ကြည်ပြာ၊ ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး) နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅ ၊ နေပြည်တော်မှ ပါဝင်တက်ရောက်ကြ သည်။ အစည်းအဝေး၌ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်၏ ဦးစားပေးကဏ္ဍ များ၊ ၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များ၊ ၃၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်ကြီးများက အတည်ပြုမည့် ကြေညာချက်များနှင့် မှတ်တမ်းတင်ရှိမည့် လုပ်ငန်းစဉ်များအား အတည်ပြုဆွေးနွေးခဲ့ကြသည်။ ၃၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ကြေညာမည့် “Hanoi Declaration” နှင့် “Narrative of ASEAN” ကြေညာချက်များအပေါ် ဆွေးနွေးအတည်ပြုပြီး အာဆီယံ ဒေသတွင်း ဆိုင်ရာ အမျိုးသမီးများဘဝတိုးတက်၍ လုံခြုံမှုရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် ရရှိရေး၊ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ကိစ္စရပ်များ၊ လူငယ်ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ အပါအဝင် လုပ်ငန်းစဉ် ၁၀ ခုအား မှတ်တမ်းတင်ရှိရေးအတည်ပြု ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တီမောလက်စ်တေနိုင်ငံအား အာဆီယံအဖွဲ့ဝင်အဖြစ် လျှောက်ထားလာမှုနှင့် စပ်လျဉ်း၍ လုပ်ဆောင်ချက်များ၊ အာဆီယံဒေသတွင်းမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာ ၂၀၂၅ နှင့် အာဆီယံသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များ၊ COVID-19 သက်ရောက်မှုအပေါ် ရန်ပုံငွေတည်ထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များအပါအဝင် ကဏ္ဍစုံ၊ မဏ္ဍိုင်စုံမှ ပူးပေါင်းဆောင်ရွက်မှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယခုနှစ်သည် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ လုပ်ငန်းအခြေပြမြေပုံ ၂၀၂၅ ပါ လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ၂၀၁၆ – ၂၀၂၀ ကာလအတွက် နှစ်လယ်အကဲဖြတ်မှု၊ တိုးတက်မှုတို့ကို အကဲဖြတ် ဆန်းစစ်၍ နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် လုပ်ငန်းများ၏ အကျိုးသက်ရောက်မှုများကို ပြန်လည် ဆန်းစစ်ဆောင်ရွက်သည့်အတွက်ကြောင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင် အဖွဲ့ဝင်နိုင်ငံများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည် ဆန်းစစ်နိုင်ခဲ့၍ ဒေသတွင်း နိုင်ငံများအတွက် အရေးပါသော နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ ၅နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက် ရလဒ်များကို အခြေခံပြီး ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ် နှင့်အညီ နိုင်ငံအဆင့် ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည် ဖော်ရန်နှင့် နောင်အနာဂတ် ၅ နှစ်တာ ကာလအတွက် ရှေ့ဆက် ဆောင်ရွက်မည့် အခြေပြမြေပုံပါ လုပ်ငန်းစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ကာကွယ် တားဆီးခြင်း ယဉ်ကျေးမှု Culture of Prevention (CoP) ကြေညာချက်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၆ ခုနှင့်စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ခံပါကြောင်း၊ အခြေပြမြေပုံပါ လုပ်ငန်းစဉ်များနှင့်အညီ လူမှုရေး-စီးပွားရေး ချိတ်ဆက်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအတွက် နိုင်ငံပေါင်းစုံပါဝင်သော ပူးပေါင်းဆောင်ရွက်ရေးကို အထောက်အကူပြု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ အောင်မြင်စေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးမတိုင်မီ (၂၉) ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး(29th SOCA Meeting)နှင့် (3rd Working Group on Culture of Prevention (CoP) အစည်းအဝေးတို့ကို ၅.၁၁.၂၀၂၀ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီအဆင့်မြင့် အရာရှိကြီးဖြစ်သော ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်ကြည်ပြာ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)နှင့် ကိုယ်စားလှယ်များက သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅ ၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။