သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (၁၅)ကြိမ်မြောက်ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ (၁၅)ကြိမ်မြောက် ကထိန် သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅) တွင် COVID-19 ရောဂါကာကွယ်ရေးသတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကို နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး တက်ရောက် လာသော ဧည့်ပရိတ်သတ်များက နေပြည်တော် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ပျဉ်းမနား မြို့၊ မဟာလယ်တီစံကျောင်းတိုက် ပဓာနနာယက ဆရာတော်ဂန္တဝါစကပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘန္ဒန္တဣန္ဒာဝုဓမထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ် တရားတော်များကို ရွတ်ပွားသဇ္ဈာယ်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးကြည်မင်းနှင့် ဇနီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံသို့ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပါသည်။ ထို့နောက် နေပြည်တော် သံဃ နာယကအဖွဲ့ အကျိုးတော်ဆောင် ပျဉ်းမနားမြို့၊ မဟာလယ်တီစံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘန္ဒန္တဣန္ဒာဝုဓမထေရ်မြတ် ထံမှ အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြသည်။ အခမ်းအနားအပြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့်ဇနီး၊ ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။