ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဆုကြေးငွေ ချီးမြှင့်၍စုဆောင်းခြင်း၊ ယင်းတို့၏ တန်ဖိုးကို သိရှိတန်ဖိုးထားတတ်စေရန် အများပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

အများပြည်သူများက သားစဉ်မြေးဆက် ထိန်းသိမ်းထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများ၊နည်းအမျိုးမျိုးဖြင့် တွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဤဦးစီးဌာနသို့ လာရောက်အပ်နှံ လာပါကလည်း ဤဦးစီးဌာနလက်အောက်ရှိ အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနပြတိုက်များတွင် စနစ်တကျ မှတ်တမ်းတင် စုဆောင်းထိန်းသိမ်း ပြသထားရှိပါသည်။ ‌ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ပြည်သူတစ်ဦးဦးက ရှေးဟောင်းဝတ္ထုပစ္စည်းများကိုလာရောက်အပ်နှံပါက လာရောက်အပ်နှံသည့် ရှေးဟောင်းဝတ္ထုပစ္စည်းအတွက် ထိုက်တန်သော ကာလတန်ဖိုးအပြင်သမိုင်းယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးတို့ကိုပါ ထပ်ဆောင်းချီးမြှင့် စုဆောင်းထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလအတွင်းစစ်ကိုင်းတိုင်းဒေသကြီး၊ဝန်းသိုမြို့နယ်၊အာမခံအုပ်စု ၊ သြဂကျေးရွာနေသူ ဦးဝင်းဇော်မှ ပထမအကြိမ်အဖြစ် ကျောက်ခေတ် ကျောက်လက်နက်များ ၊ ကျောက်ကွင်းဝိုင်း ၊ သံခေတ် ကျောက်ပုတီးစေ့များ ၊ ကျောက်နားတောင်းများ၊ သလင်းပုတီးစေ့များ၊ ဖန်ရောင်စုံပုတီးကုံးများ၊နီညိုရောင်ပုတီးကုံးများ၊မြေပုတီးစေ့များ၊မြေဂျင်သီးများ၊ဟံသာဝတီခေတ်နှင့် ကုန်းဘောင်ခေတ် မြေဆေးတံများ၊ ကြေးလက်နက်များ၊ ကြေးထည်ပစ္စည်းများ၊ သံလက်နက်များ ၊ငွေဒင်္ဂါးများနှင့်ဒုတိယအကြိမ်အဖြစ် သံခေတ် ဖန်ပုတီးစေ့များ၊ရောင်စုံပုတီးကုံးများ၊အရိုးပုတီးစေ့များ စသည်တို့ကို ဌာနသို့လာရောက်အပ်နှံခဲ့သဖြင့် စုစုပေါင်း ဆုကြေးငွေ၃၂၉၂၆၂၂/-(ကျပ်သုံးဆယ့်နှစ် သိန်းကိုးသောင်းနှစ်ထောင်ခြောက်ရာနှစ်ဆယ့်နှစ်တိတိ)အားရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

                                                         ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန