သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် (ရန်ကုန်)ကို e-Library ချိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်


နေပြည်တော်၊ ဒီဇင်ဘာ ၁၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သည့် အမျိုးသား စာကြည့်တိုက်(နေပြည်တော်)နှင့် (ရန်ကုန်)ကို e-Library ချိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုအဆင့် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ဒီဇင်ဘာလ (၁၁)ရက်နေ့ မွန်းလွဲ (၃:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် Lantro(Myanmar)ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် (ရန်ကုန်)ကို e-Library ချိတ်ဆက် ခြင်းနှင့် ဝန်ဆောင်မှုအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှု လုပ်ငန်းများအား ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် Lantro(Myanmar)ကုမ္ပဏီမှ Managing Director ဦးဇော်မြင့်ဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အသေးစိတ် ရှင်းလင်းတင် ပြခဲ့သည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လမ်းညွှန်မှာကြားရာတွင် မြန်မာနိုင်ငံတွင် စာကြည့်တိုက်ယဉ်ကျေးမှုနှင့် ကင်းကွာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ တက္ကသိုလ်/ ကောလိပ်/ကျောင်းများတွင် ဆရာဗဟိုပြုစနစ်ဖြင့်သာ သင်ကြားခဲ့ရသဖြင့် စာကြည့်တိုက် အသုံးပြုမှုနည်းပါးလာခဲ့ကြောင်း၊ သုတေသနစာတမ်းပြုစုမှုများ အားနည်းလာပြီး ပညာရေးစနစ်

အားနည်းခဲ့ပါကြောင်း၊ ယခုခေတ်ကာလတွင် ပထမအကြိမ် လွှတ်တော်စတင် ကတည်းက မြန်မာနိုင်ငံ အမျိုးသားပညာရေးဥပဒေ ပေါ်ထွန်းရန် ကြိုးပမ်းခဲ့ကြောင်း၊ အမျိုးသားပညာရေး တက္ကသိုလ် တည်ထောင်ရန်အတွက်လည်း ကမ္ဘာ့နိုင်ငံပေါင်း (၁၂)နိုင်ငံက အမျိုးသားပညာရေး အချက်အလက်များကို စုဆောင်းကာ လွှတ်တော်တွင် အဆိုပြုခဲ့ကြောင်း၊ ယခုအခါ တက္ကသိုလ်/ ကောလိပ်/ ကျောင်းများတွင် ကျောင်းသားဗဟိုပြု သင်ကြားမှုပုံစံ စတင်ပြောင်းလဲလာပြီဖြစ် ကြောင်း၊ စာကြည့်တိုက်သည် ကျောင်းသားဗဟိုပြုသင်ကြားရေး စနစ်၏ အခြေခံလိုအပ်ချက် ဖြစ်ကြောင်း၊ ဆရာက အဓိကသင်ခန်းစာခေါင်းစဉ်များကိုသာ ပို့ချပြီး ကျောင်းသားက အသေးစိတ်အချက်အလက်များကို စာကြည့်တိုက်တွင် ရှာဖွေလေ့လာရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်မှ ရရှိသောအချက်အလက်များကို လက်တွေ့သုတေသနပြုစုပြီး သုတေသန စာတမ်း၊ ကျမ်းများ ပြီးစီးမှ သက်ဆိုင်ရာ ဘွဲ့အသီးသီး ရရှိမည်ဖြစ်ကြောင်း၊ ယနေ့တင်ပြချက် များနှင့်ပတ်သက်၍ Union Catalogue အနေဖြင့် ရှမ်းဗုဒ္ဓတက္ကသိုလ်၊ ပခုက္ကူကွန်ပျူတာ တက္ကသိုလ်များနှင့် ချိတ်ဆက်သည့်ကိစ္စမှာ ကောင်းမွန်ကြောင်း၊ အဓိက ဦးစားပေး(၁) အနေဖြင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် ချိတ်ဆက်နိုင်ရမည်ဖြစ်ပါကြောင်း၊ ဦးစားပေး(၂)အနေဖြင့် ပြည်တွင်းရှိ တက္ကသိုလ်/ ကောလိပ် စာကြည့်တိုက်များနှင့် ချိတ်ဆက်ရမည်ဖြစ်ကြောင်း၊ ဦးစားပေး(၃)အနေဖြင့် နိုင်ငံတကာစာကြည့်တိုက်များနှင့် ချိတ်ဆက်ရန် ဆက်လက်ကြိုးပမ်းရ မည်ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် တည်ရှိသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာဆေးကုသရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်များနှင့်လည်း ချိတ်ဆက်ရမည်ဖြစ် ကြောင်း၊ ဆက်လက်၍ အခြားနည်းပညာတက္ကသိုလ်များ၊ ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး နည်းပညာနှင့် ဝိဇ္ဇာသိပ္ပံဆိုင်ရာစာအုပ်၊ စာတမ်းများကို အများပြည်သူလွယ်လင့် တကူ ဖတ်ရှုနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များသည် ပညာရှင်များအတွက် သုတေသန ပြုရန်နေရာများဖြစ်၍ တိုင်းပြည်အတွက် နည်းပညာဆိုင်ရာ၊ ဝိဇ္ဇာပညာရပ်ဆိုင်ရာ သုတေသန စာတမ်းများ ပေါ်ထွန်းလာရန် မျှော်တွေးပြီး ယခုကဲ့သို့ ချိတ်ဆက်နိုင်ရန် ကြိုးစားဆောင်ရွက် စေလိုခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်ဝန်ထမ်းများအနေဖြင့်လည်း စာကြည့်တိုက်ပညာနှင့် ပတ်သက်၍ အခြေခံသင်တန်း၊ အဆင့်မြင့်သင်တန်း၊ ဘွဲ့လွန်သင်တန်း စသည့်သင်တန်း

အဆင့်ဆင့်ကို ပြည်တွင်း၊ ပြည်ပ တက်ရောက်သင်ကြားနိုင်ရန် လိုအပ်ကြောင်း၊ အဆင့်မြင့် စာကြည့်တိုက်ပညာရပ်ကို လေ့လာသင်ကြားနိုင်မှသာ အဆင့်မြင့်စာကြည့်တိုက် ဝန်ဆောင်မှု များကို ပေးနိုင်မည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ပညာရပ်သည် အလွန်ကျယ်ပြန့်ပြီး လေ့လာ၍ မကုန်နိုင်ကြောင်း၊ စာကြည့်တိုက်အတွင်းလေ့လာခြင်းဖြင့် မဟာဘွဲ့များ၊ ပါရဂူဘွဲ့များ ရရှိသွား နိုင်သည့်အတွက် စာကြည့်တိုက်သည်လည်း တက္ကသိုလ်တစ်ခုပင် ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် လိုအပ်သည့် သိပ္ပံပညာရှင်များ၊ ဝိဇ္ဇာပညာရှင်များ၊ နည်းပညာရှင်များ ပေါ်ထွန်းလာရန်အတွက် ဝန်ဆောင်မှုပေးသည့်၊ ပြုစုပျိုးထောင်ပေးသည့် နေရာဌာန၊ သုတေသနဌာနကြီးဖြစ်ရန် အားလုံး ဝိုင်းဝန်း ကြိုးပမ်းသွားကြရန် တာဝန်ရှိကြောင်း၊ အမျိုးသားစာကြည့်တိုက်တွင် e-Library ထူထောင်ပြီးသည်ကို တက္ကသိုလ်များ၊ အခြားစာကြည့်တိုက်များ သိရှိရန်လိုအပ်ကြောင်း၊ တက္ကသိုလ်/ ကောလိပ်များမှ စာကြည့်တိုက်မှူးများ၊ သင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများ ကို ဖိတ်ကြားပြီး စာကြည့်တိုက်၏ ဝန်ဆောင်မှုပေးနိုင်သည့် အခန်းကဏ္ဍများကို ရှင်းလင်းပေးရန် လိုအပ်ကြောင်း၊ COVID-19 ပြီးသွားသည့်ကာလတွင် စာကြည့်တိုက်သည် စာပေဖတ်ရှု လေ့လာလိုသူများ၊ သုတေသီများနှင့် စည်ကားပြီး သက်ဝင်လှုပ်ရှားနေရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ရှင်သန်နေစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေရမည်ဖြစ်ပါကြောင်း၊ ယနေ့ မျိုးဆက်သစ်လူငယ်များအနေဖြင့် အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်များသို့ လာရောက် လေ့လာမှုနည်းပါးလာသည်ကို တွေ့ရှိရသဖြင့် မျိုးချစ်စိတ်ဓာတ် ဇာတိသွေး ဇာတိမာန် ထက်သန် စေရန် အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားပြတိုက်များသို့ လေ့လာရန် လိုအပ်သည့်အတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကလေးငယ်များကို ဖိတ်ခေါ်ကာ ဆောင်ရွက်ခဲ့ကြောင်း၊ COVID-19 ကာလဖြစ်သည့်အတွက် ဖိတ်ခေါ်မှုများ ရပ်နားထားရခြင်းဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါ ကင်းစင်သွားပါက ယခင်ကလေးစာကြည့်တိုက်ပွဲတော်များ ပြုလုပ်သကဲ့သို့ စာကြည့်တိုက်သို့ ဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်လုပ်ငန်းများ ရှင်သန်နေရန်၊ မျိုးဆက်သစ်ဖြစ်သော အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ၏ သုတေသနလိုအပ်ချက်များ ဝန်ဆောင်မှုအပြည့်အဝ ပေးနိုင်သည့် နေရာဌာန ဖြစ်လာရန်နှင့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အပါအဝင် ပြည်တွင်းရှိ


တက္ကသိုလ်/ ကောလိပ်စာကြည့်တိုက်များနှင့် ချိတ်ဆက်ပြီးနောက် နိုင်ငံတကာ စာကြည့်တိုက်များနှင့်ပါ ချိတ်ဆက်နိုင်ရေး ကြိုးပမ်းသွားကြရန် လမ်းညွှန်မှာကြားခဲ့ ပါသည်။
ထို့နောက် Lantro(Myanmar)ကုမ္ပဏီမှ တာဝန်ရှိသူများက အမျိုးသားစာကြည့်တိုက် (နေပြည်တော်)အတွင်း ဆောင်ရွက်ထားရှိသည့် စာကြည့်တိုက်အသင်းဝင်ကတ်များနှင့် စာကြည့်တိုက်လေ့လာသူကတ်ပြား ထုတ်ပေးသည့်စနစ်ကိုလည်းကောင်း၊ စာကြည့်တိုက် အတွင်းရှိ စာဖတ်ခန်းများတည်နေရာနှင့် ၎င်းတို့၏ အချက်အလက်များကို ပြသသည့် Digital Signage ကိုလည်းကောင်း၊ စာကြည့်တိုက်အချက်အလက်များ၊ စာအုပ်များ၏ အချက်အလက် များကို ပြသသည့် Smart wall ကိုလည်းကောင်း Data Center တည်ဆောက်ထားမှုကို လည်းကောင်း ရှင်းလင်းပြသပြီး စာဖတ်ခန်းအတွင်း OPAC (Online Public Access Catalogue) ရှာဖွေခြင်းလုပ်ငန်း၊ e Resource ဖတ်ရှုနိုင်ခြင်း၊ RFID Gate များ အလုပ်လုပ်ပုံ၊ Self check machine ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းများကို ကုမ္ပဏီမှ တာဝန်ရှိသူများက အသေးစိတ် လိုက်လံ ရှင်းလင်းပြသပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။