စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ ရှေးဟောင်း ရွှေထည် ပစ္စည်းများ ဒုတိယအကြိမ် လာရောက်အပ်နှံခဲ့ခြင်းအား ရှေးဟောင်း ပစ္စည်းစိစစ်ရေး စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ဂုဏ်ပြုဆုကြေးငွေချီးမြှင့်နိုင်ရေး ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံသို့ မြောင်မြို့နယ်၊ ကျောင်းဖြူ ကျေးရွာ၏ အနောက်ဘက် ပေ ၁၀၀၀ ခန့်အကွာ ဧရာဝတီ မြစ်လက်တက်တွင် ချောင်းရေ တိုက်စား၍ ကမ်းပါးပြိုကျထားသည့် နေရာများ၌ ဒေသခံငါးဦးက တွေ့ရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်း ငါးမျိုးနှင့် ဟင်္သာရုပ်တစ်ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့်အတူ ၁၈-၁၂-၂၀၂၀ ရက်နေ့ နံနက်ပိုင်း၌ ဒုတိယအကြိမ် အပ်နှံခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်က လာရောက်အပ်နှံသူ ဒေသခံငါးဦးအတွက် ကြိုတင် ဆုကြေးငွေကျပ် ၄၄၈၀၀၀၀ ကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အလားတူဒေသခံ ခြောက်ဦး တို့က ပထမအကြိမ်အဖြစ် တွေ့ရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်း ခြောက်မျိုးနှင့် ဟင်္သာရုပ်တစ်ခု တို့ကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကလာရောက် အပ်နှံခဲ့သဖြင့် ကြိုတင်ဆုကြေးငွေကျပ် ၅၁ သိန်းကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှတစ်ဆင့် အဆိုပါ ရှေးဟောင်းပစ္စည်းများကို သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ဆက်လက် ပေးပို့သွားမည်ဖြစ်ပြီး ဦးစီးဌာနရှိပညာရှင်အဖွဲ့က ပစ္စည်းအမျိုးအစားနှင့် ခေတ်ကာလ သတ်မှတ်ချက် တို့ကို စစ်ဆေးပေးသွားမည် ဖြစ်ပါသည်။ ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သို့ပေးပို့၍ ရွှေအရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေးမည်ဖြစ်ပြီး မူလရွှေထည်တန်ဖိုး အပြင် ခေတ်ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာတန်ဖိုးတို့ကို ဖြည့်စွက်ပေါင်းထည့်၍ ထိုက်တန်စွာ ဆုချီးမြှင့် ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။