၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်၏အခြေခံမူများအခန်း၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး၊ နိုင်ငံတစ်ဝန်းလုံး ၌ အာဏာတည်သည်။ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြု ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်းတို့ကို ပြုသည်ဟူ၍ ပြဋ္ဌာန်းထားပါ သည်။
နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို လွှတ်တော်များသို့လည်းကောင်း၊ အုပ်ချုပ်ရေး အာဏာကို အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသို့လည်းကောင်း၊ တရားစီရင်ရေးအာဏာ ကို အဆင့်ဆင့်သော တရားရုံးများသို့လည်းကောင်း အပ်နှင်းပြီး နိုင်ငံတော်ကို စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာစေရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါသည်။
ဥပဒေပြုရေးအာဏာပိုင်ဖြစ်သော ပြည်ထောင်စုလွှတ်တော်သည် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်ဖြင့် ပေါင်းစည်းထားပြီး နိုင်ငံတော်၏ အမြင့်ဆုံး သော ဥပဒေပြုအဖွဲ့အစည်းဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉၆ အရ ဇယား-၁ တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြုစာရင်းပါ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ အရ ဇယား (၂)တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များကိုလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၆ အရ ဇယား (၃)တွင် ဖော်ပြထားသော ဥပဒေပြုစာရင်းပါ ကိစ္စရပ်များကို လည်းကောင်း ဥပဒေပြုခွင့်ရှိကြပါသည်။
ထိုလွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေများကို အုပ်ချုပ်ရေးအာဏာပိုင်များ ဖြစ်ကြသော ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ကြရပြီး တရားစီရင်ရေးအာဏာပိုင်များဖြစ်ကြသော တရားရုံးအဆင့်ဆင့်ကလည်း ပြဋ္ဌာန်းဥပဒေ များနှင့်အညီ တရားစီရင်မှု ပြုကြရပါသည်။ တရားစီရင်မှုအာဏာကို တရားရုံးများက လက်တွေ့ကျင့်သုံးကြရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(က) ပြဋ္ဌာန်းချက်ပါ ဥပဒေနှင့် အညီ လွတ်လပ်စွာ တရားစီရင်ရေးအခြေခံမူအရ အဆင့်ဆင့်သော တရားရုံးများသည် အခြားသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ ဝင်ရောက် စွက်ဖက်ခြင်း ကင်းရှင်းစွာဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင် ဆုံးဖြတ်မှုကို ဆောင်ရွက်ကြပါ သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့ဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုအစိုးရ အဖွဲ့၏ အုပ်ချုပ်မှုအခွင့်အာဏာသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ် များသို့လည်း သက်ရောက် ပျံ့နှံ့သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၆ တွင် ပြဋ္ဌာန်း ထားပါသည်။
အထက်ပါအတိုင်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကြီးသုံးရပ်ကို ပိုင်းခြား ကျင့်သုံး ဆောင်ရွက်ကြရာ၌ လွှတ်တော်အသီးသီးတွင် ပြည်သူ့အကျိုးကို ဖော်ဆောင်နိုင် မည့်ဥပဒေများ ပြဋ္ဌာန်းရန်အတွက် ပြည်သူများက ၅ နှစ်လျှင် တစ်ကြိမ် လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ် တင်မြှောက်ကြသည်။ ထိုရွေးချယ် တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား တိုးတက် ဖြစ်ထွန်းရန်အလို့ငှာ တိုင်းပြည်၏ လိုအပ်ချက်နှင့် ပြည်သူတို့၏ ဆန္ဒကို ဟန်ချက်ညီညီ မျှမျှတတဖြစ်စေပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နိုင်သည့် ဥပဒေများကို ပြဋ္ဌာန်းပေးခြင်းဖြင့် ပြည်သူများ၏ ယုံကြည်မှုကို တည်ဆောက်ကြရမည် ဖြစ်ပါသည်။
တရားသူကြီးများသည်လည်း အဂတိတရား ကင်းရှင်းစွာဖြင့် အမှန်တရား ပေါ်ပေါက်ရေးအတွက် ဖြောင့်မတ်စွာ ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်မှု ပြုကြခြင်းဖြင့် တရားစီရင်ရေးစနစ်ကို ပြည်သူများက ယုံကြည် ကိုးစားလာကြမည်ဖြစ်သည်။ ထို့အတူ အုပ်ချုပ်ရေးအာဏာပိုင်များသည်လည်း ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ သန့်ရှင်းသော အစိုးရအဖြစ်ဖြင့် ပြည်သူကို အလုပ်အကျွေးပြုလျက် ပြည်သူများ၏ ယုံကြည်အားထားမှု ကို ရယူကြရမည် ဖြစ်ပါသည်။
ယခု ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်သော ရွေးကောက်ပွဲတွင် ပြည်သူများသည် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲထက် အနိုင်ရပါတီကို ပို၍ ဆန္ဒမဲပေးကြသည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ဤအချက်မှာ ပါတီကိုပို၍ ယုံကြည်မှု ရှိလာသည့်သဘော ဖြစ်ပါသည်။ ပြည်သူ၏ယုံကြည်မှုကို ပို၍ ရလာသည်နှင့်အမျှ နိုင်ငံ့ တာဝန်ကို ဆတက်ထမ်းပိုး ကြိုးစားရန် ပို၍ တာဝန်ရှိလာပါသည်။ ယုံကြည်မှုကို လွယ်လွယ် ကူကူနှင့် တည်ဆောက်၍မရနိုင်ပါ။ ယုံကြည်မှုဟူသည် စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ သစ္စာရှိခြင်း၊ ပညာရှိခြင်းတို့ဖြင့် ခက်ခက်ခဲခဲ တည်ဆောက်ထားရသော တန်ဖိုးကြီးမား သည့် အမြုတေရတနာတစ်မျိုး ဖြစ်ပါသည်။ စီးပွားရေးနယ်ပယ်တွင်ဖြစ်စေ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးနယ်ပယ်တွင်ဖြစ်စေ မည်သည့်လုပ်ငန်းကိုမဆို ယုံကြည်မှုဖြင့် လုပ်ကိုင်ပါက အဆင်ပြေ ချောမွေ့မှုရှိမည်ဖြစ်သည်။ ယုံကြည်မှုသည် လုပ်ငန်းလုပ်ကိုင်ရာ တွင် ကြီးမားလှစွာသော တွန်းအားတစ်ရပ်လည်း ဖြစ်စေပါသည်။ “ယုံကြည်မှု” ဟူသည့် အမြုတေရတနာ ပျောက်ဆုံး ပျက်သုဉ်းမသွားစေရေးအတွက် ပြည်သူက ပေးအပ်ထား သော လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်ဝတ္တရားများကို သစ္စာရှိစွာဖြင့် ဆတက်ထမ်းပိုး ကြိုးစား ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များသည်လည်းကောင်း၊ တရားသူကြီးများသည်လည်း ကောင်း၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသည်လည်းကောင်း မိမိတို့အား အပ်နှင်းထား သော အာဏာများကို အလွဲသုံးစားပြု၍ မိမိကိုယ်ကျိုးအတွက် မမှန်မကန် ဆောင်ရွက်ကြ မည်ဆိုလျှင် ပြည်သူများ၏ ယုံကြည်မှုကင်းမဲ့ခြင်းကို ခံကြရမည်ဖြစ်ပြီး နောက်တစ်ကြိမ် ပြည်သူများ၏ ရွေးချယ်မှုကို လက်လွတ် ဆုံးရှုံးကြရပေလိမ့်မည်။ သို့ဖြစ်၍ ပို၍ ပို၍ ခိုင်မာသော ယုံကြည်မှုကို တည်ဆောက်ရန်အတွက် အချုပ်အခြာအာဏာများကို အပ်နှင်း ခြင်းခံရသော ပုဂ္ဂိုလ်များသည် နိုင်ငံအကျိုး၊ ပြည်သူ ပြည်သားများ၏ အကျိုးကို ဦးထိပ် ပန်ဆင်၍ တည်ဆဲပြဋ္ဌာန်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန် တရားမျှတစွာ ဆောင်ရွက် ကြရန်နှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုကို မလွဲမသွေ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ထိန်းကျောင်းခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၁၈(ဂ)အရ စာချွန်တော်အမိန့်များ ထုတ်ပြန်ခွင့်ရှိပါသည်။ စာချွန်တော် ထုတ်ပေးခြင်းဖြင့် ပြည်သူများ၏ ဥပဒေအရ ခံစားထိုက်သော အခွင့်အရေးများ ရရှိခံစား စေခြင်းသည် နိုင်ငံ့အမြင့်ဆုံးတရားရုံးတစ်ရုံး၏ အာဏာထိန်းကျောင်းခြင်းစနစ်တစ်ရပ် လည်း ဖြစ်ပါသည်။
သာဓကအားဖြင့် ၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှု အမှတ် ၅၁ နှင့် ၆၆၊ ဦးမင်းယုရှိန်၊ ဦးနေဝင်းနှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန အမှု (၂၀၁၆ စီရင်ထုံးစာမျက်နှာ-၁၃၀) တွင် “လျှောက်ထားခံရသူ ပြည်ထဲရေးဝန်ကြီးဌာနသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လျှောက်ထားသူ ဦးမင်းယုရှိန်နှင့် ဦးနေဝင်း တို့ ၂ ဦး အား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၀ (ခ) အရ အကြောင်းကြားခဲ့ခြင်း အပေါ် ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာခြင်းမပြုဘဲ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်သည့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၉၂(ဃ)၊ ၁၉၃(က) တို့နှင့် ညီညွတ်မှု မရှိပေ” ဟူ၍လည်းကောင်း၊ “ပြည်ထဲရေးဝန်ကြီးဌာနသည် လျှောက်ထားသူတို့အား ဌာန ဆိုင်ရာ စစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာမှုမပြုဘဲ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခဲ့ခြင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်း မရှိသဖြင့် အာဏာပိုင်မေးစာချွန်တော်အမိန့် ထုတ်ဆင့်ရန်သင့်သည်” ဟူ၍ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ ရပိုင်ခွင့်များကို နစ်နာမှုမရှိစေရန် စီရင်ထုံးဖွဲ့ ဆုံးဖြတ်ပေးခဲ့ခြင်း ဖြင့် အုပ်ချုပ်ရေးအာဏာပိုင်၏ ဆောင်ရွက်ချက်ကို ထိန်းကျောင်းမှုပြုခဲ့ပါသည်။
တစ်ဖန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်ပါ ၂၃ ဦးနှင့် ပြည်ထောင်စုလွှတ်တော်အမှု (၂၀၁၇ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စီရင်ထုံးများ စာ-၁)တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှု ရှိ-မရှိ စိစစ်ခြင်းလုပ်ငန်းတာဝန်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာ၌ ဥပဒေပြုအာဏာပိုင်များက ပြဋ္ဌာန်းသည့် ဥပဒေများကို စိစစ်နိုင်သကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များကိုလည်း စိစစ်ပိုင်ခွင့်ရှိပေသည်။ သို့ရာတွင် ဥပဒေပြုအာဏာပိုင်များ၏ ဆောင်ရွက်ချက်များကိုမူကား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက စိစစ်ပိုင်ခွင့်မရှိပေ” ဟူ၍ လမ်းညွှန်ဆုံးဖြတ်ထားပါသည်။
သို့ဖြစ်၍ အထက်ပါ စီရင်ထုံးများအရ အပြန်အလှန် ထိန်းကျောင်းမှုပြုရာ၌ ဥပဒေ နှင့်အညီ အပ်နှင်းထားသော လုပ်ပိုင်ခွင့်အာဏာအတွင်းသာ ဆောင်ရွက်ခွင့်ရှိကြောင်းနှင့် ဥပဒေအရ ပေးအပ်မထားသော ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်းမရှိကြောင်း တွေ့မြင်ရပါသည်။
တရားစီရင်ရေးဆိုင်ရာ စီရင်ဆုံးဖြတ်မှုများကိုလည်း အခြားအာဏာပိုင်များက ဝင်ရောက်စွက်ဖက်ခွင့် မရှိသည်မှာ ပို၍ သိသာထင်ရှားပါသည်။ တရားသူကြီးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ “လွတ်လပ်စွာ တရားစီရင်ရေး” အခြေခံမူအရ မိမိကိုင်တွယ်သော အမှုကို မိမိဘာသာ စီရင်ဆုံးဖြတ်ခွင့်ရှိပြီး တရားရုံးတစ်ရုံး၏ စီရင်ချက်၊ အမိန့်၊ ဆုံးဖြတ်ချက်များကို မကျေနပ်ပါက အဆင့်မြင့်သော တရားရုံးများသို့ ပြင်ဆင်မှု၊ အယူခံမှု များ တက်ရောက်ခွင့်ရှိသဖြင့် ဥပဒေလမ်းကြောင်းအတိုင်းသာ ဆက်လက် ဆောင်ရွက်ရ မည်ဖြစ်ပါသည်။
ဥပဒေခွင့်ပြုချက်အတွင်းမှသာ ထိန်းကျောင်းမှုပြုနိုင်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတသည် နိုင်ငံတစ်ဝန်းလုံးတွင် အထွတ်အထိပ်အာဏာကို ရရှိသူဖြစ်ပြီး နိုင်ငံအုပ်ချုပ်ရေး၏ အကြီးအကဲဖြစ်သော်လည်း ဥပဒေပြုအာဏာပိုင်ဖြစ်သော လွှတ်တော်၏ ဆောင်ရွက်ချက် များအပေါ် ဝင်ရောက်စွက်ဖက်ခွင့်မရှိပါ။ နိုင်ငံတော်သမ္မတသည် လွှတ်တော်က ပြဋ္ဌာန်း လိုက်သော ဥပဒေများကိုမူ လက်မှတ်ရေးထိုး ထုတ်ပြန်ရန် တာဝန်ရှိပါသည်။ ထို့အတူ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်ကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ခြင်း၊ ရာထူးမှရပ်စဲခြင်း ပြုလုပ်ခွင့်ရှိပြီး အကျဉ်းသားများ ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သော်လည်း တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဝင်ရောက်စွက်ဖက်ခြင်းပြုရန် မဟုတ်ပါ။
တစ်ဖန် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၂ အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကို ခန့်အပ် တာဝန်ပေးရမည်ဖြစ်သော်လည်း စစ်ဖက်ဆိုင်ရာ တရားစီရင်ရေး တွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်ပေးခြင်းမဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၃(ခ) အရ စစ်ဖက်တရားစီရင်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၂၀(ခ)တွင် တပ်မတော်သည် တပ်ပိုင်း ဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်း ထားသောကြောင့် ဖြစ်ပါသည်။
အာဏာကြီးသုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၂ ခုနှစ်တွင် “ပြည်ထောင်စုအဆင့် အဖွဲ့အစည်း” ဟူသော စကားရပ်၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုပေးရန် ကိစ္စရပ်၌ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့အကြား သဘောထား ကွဲလွဲပြီး ပွတ်တိုက်မှု၊ အားပြိုင်မှုသဖွယ် ဖြစ်ပွားခဲ့ကြရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံး ရာထူးမှ နှုတ်ထွက်ခဲ့ရသော ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်ကိုလည်း သတိပြုဖွယ်ရာ မှတ်သားရပါသည်။
ထို့နည်းတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ၂၀၂၀ ပြည့်နှစ်၊ တင်သွင်းလွှာအမှတ်-၁ တွင် “ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပေါ် စွပ်စွဲ ပြစ်တင်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာခုံရုံးသည် ကယားပြည်နယ် လွှတ်တော်၏ ဆောင်ရွက်ချက်ကို စိစစ်ပိုင်ခွင့်မရှိ” ဟု ဆုံးဖြတ်ခဲ့သည်။ သို့ဖြစ်စေကာမှု “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃(ခ)နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် ဖော်ပြပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲ ပြစ်တင်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌထံမှတစ်ဆင့် လွှတ်တော်သို့ အဆိုတစ်ရပ်အဖြစ် တင်သွင်းရမည်ဟု အနက်အဓိပ္ပာယ် ဖွင့်ဆိုလိုက်သည်” ဟူ၍ လည်းကောင်း၊ “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃(ဂ)နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သင့်လျော်သော လွှတ်တော်ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမည်ဟု အနက်အဓိပ္ပာယ် ဖွင့်ဆို လိုက်သည်” ဟူ၍လည်းကောင်း ဆုံးဖြတ်ခဲ့ပါသည်။
ထို့ပြင် ထိန်းကျောင်းခြင်းနှင့် စပ်လျဉ်း၍ မဏ္ဍိုင်ကြီးသုံးရပ် အပြန်အလှန် ထိန်းကျောင်းခြင်းအပြင် ပြည်သူများကလည်း မဏ္ဍိုင်ကြီးသုံးရပ်ကို ထိန်းကျောင်းခြင်း ပြုလုပ်နိုင်ပါသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက် သည်ဟူသော ဒီမိုကရေစီအခြေခံမူအရ နိုင်ငံတော်အာဏာ၏ ပင်ရင်းပိုင်ရှင်များဖြစ်ကြ သော နိုင်ငံသားများအနေဖြင့် မဏ္ဍိုင်ကြီးသုံးရပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ပုဂ္ဂိုလ်များသည် ၎င်းတို့အား ခွဲဝေအပ်နှင်းထားသော အချုပ်အခြာအာဏာများကို မှန်မှန် ကန်ကန် ဥပဒေနှင့်အညီ ကျင့်သုံး ဆောင်ရွက်ခြင်း ရှိ-မရှိ၊ အဂတိလိုက်စားမှု ရှိ-မရှိ၊ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို ဖော်ဆောင်ခြင်း ရှိ-မရှိ စသည်တို့ကို သိရှိခွင့်ရှိပြီး ပြည်သူ့နား၊ ပြည်သူ့မျက်စိ၊ ပြည့်ကြေးမုံဟု ခေါ်ဆိုရမည့် စာနယ်ဇင်း၊ သတင်းမီဒီယာ များကလည်း မီဒီယာကျင့်ဝတ် စည်းကမ်းများနှင့်အညီ ထိန်းကျောင်း တည့်မတ်ခွင့် ရှိသည်။ သို့မှသာ ဒီမိုကရေစီအနှစ်သာရ ပြည့်ပြည့်ဝဝ ရှိနိုင်မည်ဖြစ်ပါသည်။ စာနယ်ဇင်း သတင်းမီဒီယာများကို စတုတ္ထမဏ္ဍိုင်ဟု ခေါ်ဆိုအပ်ပါက ပြည်သူများကို ပဉ္စမမဏ္ဍိုင်ဟု ခေါ်ဆိုရမည်ဖြစ်ပါသည်။
သတင်းနည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားနေသော ယနေ့ခေတ်တွင် သတင်းမီဒီယာသမားများသည် သတင်းများ ရေးသားတင်ပြရာ၌ သတင်းမီဒီယာဥပဒေပါ မီဒီယာသမားများ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများနှင့် အညီ လိုက်နာရေးသားရန် တာဝန်ရှိပါသည်။ ပြည်သူများအနေဖြင့်လည်း မဏ္ဍိုင်ကြီး သုံးရပ်ကို ထိန်းကျောင်းသည့် အနေဖြင့် ပြောဆိုရေးသားခြင်း၊ ဟောပြောခြင်း ပြုလုပ်ရာ တွင် ဥပဒေဘောင်အတွင်း၌ သာ ဆောင်ရွက်သင့်ပါသည်။ အချို့သောပုဂ္ဂိုလ်များက ဒီမိုကရေစီခေတ်တွင် မိမိတို့၏ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဖော်ခွင့်ရှိသည်ဟု တရားသေ ဆုပ်ကိုင် မှတ်ယူထားကြသည်။ ကုလသမဂ္ဂမှ ထုတ်ပြန်သော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ တွင် “လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေးများတွင် ထင်မြင်ယူဆချက်များ ကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင် သတင်းအချက်အလက် နှင့် အတွေးအခေါ်အယူအဆများကို သတင်းမီဒီယာ တစ်ရပ်ရပ်မှတစ်ဆင့် နယ်နိမိတ် အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့လည်း ပါဝင်ပါသည်။” ဟု ပါရှိသကဲ့သို့ အပိုဒ် ၂၉ (၂) တွင် “မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်ကို အသိအမှတ်ပြု၍ လေးစားရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူ အေးချမ်း သာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်အလို့ငှာလည်းကောင်း၊ ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိသည်။” ဟူ၍လည်း ပါရှိပါသည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ (က)၌ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူတို့၏ ကိုယ့်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသဖြင့် မည်သူမဆို လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိကြသော်လည်း သူတစ်ပါး၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကို လေးစားမှုရှိရမည်ဖြစ်ပြီး ပြဋ္ဌာန်းဥပဒေများနှင့် ဆန့်ကျင်မှု မရှိစေရန်လည်း ဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
နိုင်ငံသားတိုင်းသည် မိမိ၏ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ စုဝေးဟောပြောခွင့်ရှိသော်လည်း အစွန်းရောက် သွားမည်ဆိုပါက နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိပါးလာနိုင်ဖွယ်ရှိပြီး မင်းမဲ့စရိုက်ဝါဒသို့ ဦးတည်သွားမည်ဖြစ်ရာ ဤအခြေအနေသည် အာဏာရှင်စနစ်ကို ပြန်လည်ရောက်ရှိသွားစေနိုင်ပါသည်။ သို့ဖြစ်၍ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ စုဝေးခွင့်တို့ကို ဥပဒေဖြင့် အကာအကွယ်ပေးထားရ မည်ဖြစ်သကဲ့သို့ ဥပဒေဖြင့်ပင် ပိုင်းခြားကန့်သတ်ခြင်း (must be protected by law and limited by law) ထားခြင်းဖြင့်သာ ရေရှည်တည်တံ့ခိုင်မြဲသည့် ဥပဒေစိုးမိုးရေးကို ဖြစ်ထွန်းစေမည်ဖြစ်ပြီး နိုင်ငံအေးချမ်းသာယာမှုလည်း ရေရှည်တည်တံ့ခိုင်မြဲစေမည်ဖြစ်ပါ သည်။
ဥပဒေနှင့်မညီညွတ်သည့် ဟောပြောခြင်း၊ ရေးသားခြင်းနှင့် စပ်လျဉ်း၍ သတိပြုရ မည့် ငြိစွန်းနိုင်သော ပြစ်မှုများမှာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က (နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှု)၊ ပုဒ်မ ၁၅၃-က (လူအမျိုးအစား တစ်ခုနှင့်တစ်ခု ရန်ငြိုးထား စေရန်၊ မုန်းတီးစိတ်ထားစေရန် အားပေးအားမြှောက်ပြုမှု)၊ ပုဒ်မ ၂၉၅-က (လူတစ်စား ကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားမှု)၊ ပုဒ်မ -၅၀၀ (အသရေဖျက်မှု)၊ ပုဒ်မ ၅၀၅ (က)၊ (ခ)၊ (ဂ)(အများပြည်သူ အကျိုးပျက်စီးမှုကို ဖြစ်စေသော ဖော်ပြချက်အမှု)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) (ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းအမှု)၊ အီလက်ထရွန်းနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ) နှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေတို့ ဖြစ်ကြသည်။ သို့ဖြစ်ပါ၍ ထိန်းကျောင်းသည် ထိန်းညှိသည် ဆိုရာ၌ ဥပဒေနှင့်အညီ ထိန်းကျောင်းခြင်း၊ ထိန်းညှိခြင်းကိုသာ ပြုရမည်ဖြစ်ပြီး ဥပဒေနှင့် အညီမဟုတ်ပါက မိမိအား ဥပဒေနှင့်အညီ ပြန်လည်ထိန်းညှိခြင်းခံရမည်ကို သတိပြုသင့် ပါသည်။
မကြာသေးမီက Facebook လူမှုကွန်ရက်ပေါ်၌ သာသနာရေးနှင့် စပ်လျဉ်း၍ သံဃာတော်များကို ပုတ်ခတ်စော်ကားသည့်စကားများကို ရေးသားခဲ့သော မိတ္ထီလာမှ ပုဂ္ဂိုလ်တစ်ဦးကို ချမ်းအေးသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၂၉၄ နှင့် ပုဒ်မ ၂၉၅-က တို့အရ ထောင် (၁) နှစ်နှင့် (၉) လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။ ဤဖြစ်ရပ် မှာ သူတစ်ပါး၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကို လေးစားမှုမရှိဘဲ မိမိ၏ ထင်မြင်ယူဆချက် များ ရေးသားခြင်းကို ဥပဒေနှင့်မညီ ဆောင်ရွက်ခဲ့သဖြင့် မိမိကို ဥပဒေနှင့်အညီ ပြန်လည် ထိန်းကျောင်းခြင်းခံရသည့် သာဓကပင် ဖြစ်ပါသည်။
“ဥပဒေနှင့်အညီ ထိန်းကျောင်းသည်”ဟု ဆိုလျှင် ကြားရသူများအတွက် ခါးသီး ဖွယ်ရာ၊ မနှစ်မြို့ဖွယ်ရာဟု ခံစားမိသော်လည်း အသေအချာ စဉ်းစားမည်ဆိုပါက ထိုစကားရပ်ထဲတွင် သိမ်မွေ့သော၊ နှစ်ခြိုက်ဖွယ်ရာသော မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ သဘောတရားများ ပါဝင်ကိန်းအောင်းလျက်ရှိသည်ကို တွေ့မြင်ခံစားရပါသည်။ လူတိုင်း သည် မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာတရားများနှင့်အညီ ကျင့်ကြံနေထိုင်ပါက ဥပဒေနှင့်အညီ အချင်းချင်း အပြန်အလှန် ထိန်းကျောင်း၍ နေထိုင်ကြသည်ဟုပင် ဆိုနိုင်ပါသည်။ စာရေးသူ၏အမြင်ဖြင့် ပြောရပါမူ ဥပဒေ ဟူသည်မှာ ကိုယ်ချင်းစာတရားပင် ဖြစ်ပါသည်။ ဥပဒေနှင့်အညီ ထိန်းကျောင်းခြင်း ဆိုသည်မှာ ကိုယ်ချင်းစာတရားနှင့်အညီ မျှတမှုရှိစေရန် ဆောင်ရွက်ခြင်းပင် ဖြစ်သည်ဟု ဆိုချင်ပါသည်။
နိဂုံးချုပ်အားဖြင့် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဟူသော မဏ္ဍိုင်ကြီး သုံးရပ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာများကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲ၍ အပြန်အလှန် ထိန်းကျောင်းမှုကို အချင်းချင်း ပြုလုပ်ကြရာတွင်လည်းကောင်း၊ ဒီမိုကရေစီ အနှစ်သာရ ပြည့်ပြည့်ဝဝ ရရှိစေရန်အတွက် စတုတ္ထမဏ္ဍိုင်ဟု ခေါ်ဆိုအပ်သော စာနယ်ဇင်း သတင်းမီဒီယာများနှင့် ပဉ္စမမဏ္ဍိုင်ဟု ခေါ်ဆိုအပ်သော ပြည်သူများက မဏ္ဍိုင်ကြီး သုံးရပ် ကို ထိန်းညှိကြရာတွင်လည်းကောင်း၊ မည်သူမဆို လူ့အခွင့်အရေးကို လေးစားလျက် တည်ဆဲဥပဒေများနှင့်အညီ ပြောဆို ရေးသား ထိန်းညှိကြခြင်းဖြင့် ကျွန်ုပ်တို့ မျှော်မှန်း သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထာင်စု နိုင်ငံတော်ကြီးကို တည်ဆောက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။
မှီငြမ်းကိုးကားစာအုပ်များ –
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
- ရာဇသတ်ကြီး
- ၂၀၁၆ ခုနှစ် တရားစီရင်ထုံးများ
- ဦးမြင့်ဝင်း (ရွှေဘို)၏ စာချွန်တော် အခြေခံနှင့် လက်တွေ့
- ဦးကျော်ဇေယျ၏ လွတ်လပ်စွာထုတ်ဖော်ခွင့် (Freedom of Expression) သတင်းသိခွင့် (Right to Information) နှင့် သတိပြုစရာများ