စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောင်းဖြူကျေးရွာပတ်ဝန်းကျင်မှ ရရှိသော ရှေးဟောင်းရွှေထည်ပစ္စည်း များအတွက်ထိုက်တန်စွာဆုကြေး ချီးမြှင့် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောင်းဖြူကျေးရွာနေ ဦးကျော်မိုးသည်(၉-၁၂-၂၀၂၀) ရက်နေ့တွင် ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ(၁၀၀၀)ခန့်အကွာရှိ ချောင်းအတွင်း ရေခပ်ရန် သွားရောက်စဉ် ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျထားသည့်နေရာတွင် ရှေးဟောင်း ပစ္စည်းဟု ယူဆရသည့် အလေးချိန်တစ်ကျပ်သားခန့်ရှိ ရွှေထည်ပစ္စည်းတစ်ခုကို တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဝေ၊ တစ်ရွာတည်းနေသူများဖြစ်သည့် ဦးချစ်စန်းဦး၊ ဦးလှမင်းဦး တို့အား ပြောပြကာ ကျေးရွာသားအချို့နှင့်အတူ အဆိုပါနေရာသို့ ထပ်မံသွားရောက်၍ ရှာဖွေခဲ့ပါ သည်။ ထိုသို့ရှာဖွေရာတွင် ချောင်းကမ်းစပ်ရှိရေထဲမှ အလေးချိန် ငါးမူးသားကျော်ခန့်ရှိ ရွှေထည် ပစ္စည်း(၃)ခု ထပ်မံတွေ့ရှိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရှေးဟောင်းရွှေထည်ပစ္စည်းများ တွေ့ရှိရာနေရာသို့ မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ စစ်ကိုင်းဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် (၁၂ – ၁၂ -၂၀၂၀) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ ကွင်းဆင်းအဖွဲ့သည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံအချို့အား တွေ့ဆုံ၍ ရှေးဟောင်းဝတ္ထုပစ္စည်းများအား တရားမဝင်ရောင်းချခြင်းမပြုဘဲ နိုင်ငံတော်သို့အပ်နှံပါက ထိုက်တန်စွာ ဆုချီးမြှင့်ကြောင်းနှင့် မိမိတို့ဒေသ၏ ယဉ်ကျေးမှု အမွေ အနှစ်များကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက်ဒေသခံများက (၉- ၁၂-၂၀၂၀)ရက်နေ့က တွေ့ရှိရသော ရှေးဟောင်းရွှေထည် ပစ္စည်းများ အပါအဝင် ရွှေထည်ပစ္စည်း(၁၁)ခုနှင့် ကြေးအလေး(၂)ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ အပ်နှံခဲ့ပါသည်။  မြို့နယ်စီမံခန့်ခွဲမှုကော်မတီက  အဆိုပါရှေးဟောင်းရွှေထည်ပစ္စည်းများကို (၁၄ – ၁၂ -၂၀၂၀ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ ပေးပို့အပ်နှံခဲ့ရာ ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူဒေသခံများအတွက် ပစ္စည်းတစ်ခုချင်းစီ၏ ကာလပေါက်ဈေး ရွှေဈေးနှုန်းနှင့်တွက်ချက်၍ ကျပ် ၉၅၈၀၀၀၀/-( ကျပ် ကိုးဆယ့်ငါးသိန်း ရှစ်သောင်းတိတိ/-) ချီးမြှင့်၍ လက်ခံရယူခဲ့ပါသည်။

(၂၁.၁၂.၂၀၂၀) ရက်နေ့တွင်လည်း အဆိုပါနေရာ၌ပင် ထပ်မံတွေ့ရှိခဲ့သော ရွှေအဆင်တန်ဆာ ပစ္စည်(၃)ခုအား မြောင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်နှင့် အဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ထပ်မံလာရောက်အပ်နှံသဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပစ္စည်းတွေ့ရှိသူများအား လက်ရှိရွှေကာလပေါက်ဈေးဖြင့်တွက်ချက်၍ ကြိုတင်ငွေ ၄၁ဝဝဝဝ၀/-( လေးဆယ့်တစ်သိန်း တိတိ/-)ကျပ်ကို ထုတ်ပေးခဲ့ပါသည်။ ထို့နောက် တွေ့ရှိရသော ရွှေထည်ပစ္စည်းများနှင့် ကြေးအလေးများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(နေပြည်တော်)သို့ (၂၉.၁၂.၂၀၂၀) ရက်နေ့တွင် ပေးပို့ အပ်နှံခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် နယ်မြေဧရိယာကျယ်ဝန်းသည်နှင့်အမျှ သမိုင်းခေတ်အဆက်ဆက် ထွန်းကားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝစွာတွေ့မြင်ရသည့် ဒေသတစ်ခု ဖြစ်ပါသည်။ တိုင်းဒေသကြီးနယ်မြေအတွင်းတွေ့ရှိရသော ရှေးဟောင်းဝတ္ထုပစ္စည်းများအား စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က စည်းရုံးစုဆောင်းပေးခြင်း၊ ပစ္စည်းတွေ့ရှိရာ ဒေသခံ များအား ကြိုတင် ငွေများပေးအပ်ခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်း အပ်နှံခြင်းတို့ကို ဆောင်ရွက်ပေးသော‌ကြောင့် ဒေသခံများ၏ ယုံကြည်မှုများ ပိုမိုရရှိ လာပြီး ရှေးဟောင်းဝတ္ထုပစ္စည်းများကို မသမာသူများလက်ဝယ်သို့ မရောက်ရှိအောင် ကာကွယ်ပေးနိုင်သည့် အပြင် နိုင်ငံတော်၏ ယဉ်ကျေးမှု အမွေအနှစ်ကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပါသည်။

အဆိုပါ ရှေးဟောင်းရွှေထည်ပစ္စည်းများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနရှိ ပညာရှင်အဖွဲ့က ပစ္စည်းအမျိုးအစားနှင့် ခေတ်ကာလသတ်မှတ်ချက်တို့ကို စစ်ဆေးပေးလျက်ရှိပါသည်။ ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ပေးပို့၍ ရွှေအရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေးပြီးနောက် မူလရွှေထည် တန်ဖိုးအပြင် ခေတ်ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာတန်ဖိုးတို့ကို ဖြည့်စွက်ပေါင်းထည့်၍ ထိုက်တန်စွာ ဆုချီးမြှင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။