မြန်မာနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ပြုပြင်ထိန်းသိမ်းခြင်း စီမံကိန်း အစီရင်ခံစာ တင်သွင်းခြင်း အခမ်းအနားကျင်းပ

         

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဘုရား(၃)ဆူ(ဘုရားအမှတ်၊ ၄၇၇၊ ၄၇၈ ၊ ၄၇၉ ) ပြုပြင် ထိန်းသိမ်းခြင်း စီမံကိန်းအစီအရင်ခံစာတင်သွင်းခြင်း အခမ်းအနားကို ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ၀၉:၃၀ နာရီတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး Mr. Lee Sang-hwa ၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ Korea Cultural Heritage Foundation မှ ညွှန်ကြားရေးမှူးMr. Kim Dong Min နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ၂၀၁၆ ခုနှစ်၊ ပုဂံဒေသတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရှေးဟောင်းအဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ ရပါကြောင်း၊ ရှည်လျားသော အမျိုးသားရေး လက္ခဏာ သမိုင်းကြောင်းနှင့် မြင့်မားထင်ရှားသော ယဉ်ကျေးမှု အမွေအနှစ်တို့ တည်ရှိရာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသမှာတည်ရှိနေသည့် ရှေးမြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ်များသည် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု ဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးမှုမှ လျော့ချနိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ KCHF မှ နည်းပညာဆိုင်ရာပစ္စည်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ကူညီထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထိခိုက်ပျက်စီးမှုများအနက် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားသုံးဆူနှင့် နံရံဆေးရေးပန်းချီထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာ စီမံကိန်းကို ကိုရီးယားနိုင်ငံ၊ Korea Cultural Heritage Foundation (KCHF) မှ ပညာရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ် ကတည်းက စတင်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဘုရားသုံးဆူ နံရံပန်းချီ ထိန်းသိမ်းရေးစီမံကိန်း ဒုတိယအဆင့်ကို ဆက်လက် ဆောင်ရွက်ရန်အတွက်လည်း သဘောတူ ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု စီမံကိန်းသည် မြန်မာ−ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အထောက်အပံ့ပေးနိုင်မည့် စီမံကိန်း တစ်ခုဖြစ်ပါကြောင်း၊ ဘုရားသုံးဆူ နံရံပန်းချီ ထိန်းသိမ်းရေး စီမံကိန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့်ကိုရီးယားသမ္မတနိုင်ငံတို့အတွက် ထိရောက် သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး Mr. Lee Sang-hwa က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ကိုရီးယားနိုင်ငံ၊ Korea Cultural Heritage Foundation (KCHF) မှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Kim Dong Min က ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ပထမလုပ်ငန်းစဉ်ဖြစ်သည့် ဘုရားသုံးဆူ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြ ပါသည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးချုပ် ဦးကျော်ဦးလွင်က နှစ်နိုင်ငံချစ်ကြည်ရေး ယဉ်ကျေးမှုဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းပြပွဲများတွင် ပါဝင်ဆောင်ရွက်မှုများ၊ နည်းပညာ သင်တန်းပို့ချမှုများ စသည့် မြန်မာ – ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြပါသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီးက ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ် (၄)မျိုးဖြစ်သည့် Conservation manual , Structural Conservation manual, Mural Painting Conservation manual, GPR (Ground Penetration Radar) manual များကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ထားသည့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်ရှိ ပြတိုက်ဓာတ်ခွဲခန်း၊ ရှေးဟောင်းပစ္စည်း သိုလှောင်ခန်းများကို ကြည့်ရှုလေ့လာခဲ့ပါသည်။

ဆက်လက်၍ ကမ္ပည်းကျောက်စာဖွင့်လှစ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာပထမဦးစွာ ကိုရီးယားရိုးရာသီချင်းပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ပုဂံမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက Arirang ကိုရီးယားရိုးရာသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ပါသည်။ ထို့နောက် မြန်မာ – ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် ဘုရားသုံးဆူ ကမ္ပည်းကျောက်စာအား ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့က ဖွင့်လှစ်ပေးခဲ့ ကြပြီး ဘုရားသုံးဆူဘုရား ပြုပြင်ထိန်းသိမ်းမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကိုရီးယား Korea Cultural Heritage Foundation (KCHF) ညွှန်ကြားရေးမှူး Mr. Kim Dong Min နှင့် အဖွဲ့က ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြသခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Culture Heritage Foundation တို့ ပူးပေါင်း၍ ပုဂံဒေသရှိ ဘုရား(၃)ဆူ (ဘုရားအမှတ်၊ ၄၇၇ ၊ ၄၇၈ ၊ ၄၇၉) ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး အဆိုပါ စီမံကိန်း အစီအစဉ်တွင် ဘုရား(၃)ဆူ၏ အဆောက်အဦဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်း၊ နံရံပန်းချီ ပြုပြင် ထိန်းသိမ်းခြင်း၊ အထွေထွေပြုပြင်ထိန်းသိမ်းခြင်းနှင့် ရှေးဟောင်း သုတေသနထိန်းသိမ်းရေး  နည်းစနစ်များကို ဌာနမှဝန်ထမ်းငယ်များအား လေ့ကျင့်သင်ကြားပေးသည့် အစီအစဉ်များ ပါဝင်၍ ပူးပေါင်းဆောင်ရွက်မှု ပထမအဆင့်သည်၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး ၂၀၂၁ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ  ဒုတိယအဆင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။