သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် သာသနာရေးဦးစီးဌာနနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် (၁၃.၁.၂၀၂၁)ရက်နေ့တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားပုထိုးများသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ဧည့်သည်များအား COVID -19 စည်းကမ်းချက်များနှင့် ဖူးမြော်ခွင့်ပြုနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။
ရှေးဟောင်းသာသနိကအဆောက်အအုံ၊ စေတီပုထိုး၊ ဂူဘုရားများသို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေစေရေးနှင့် ဗုဒ္ဓဘာသာဝင်များ ဘာသာရေးဆောင်ရွက်နိုင်ရေးတို့အတွက် ဘုရားများသို့ ဖူးမြော်ခွင့် ဖြေလျှော့ပေးလာပါက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဂေါပကအဖွဲ့များဖြင့် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသော ဘုရားပုထိုး (၁၉) ဆူနှင့် ရှေးဟောင်းတန်ဖိုးမြင့်မား၍ အထင်ကရဖြစ်သည့် ဘုရားပုထိုး (၂၅) ဆူတို့ကို ကမ္ဘာ့ကပ်ရောဂါ COVID -19 ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရန် Coronavirus Disease 2019 (COVID – 19) ကာကွယ်ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖူးမြော် ခွင့်ပြုနိုင်ရေးအတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်စပ်ဝန်ကြီးဌာနများက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိပါသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် COVID – 19 စည်းကမ်းချက်များနှင့် ဖူးမြော်ခွင့်ပြုနိုင်ရေးအတွက် ထီးလိုမင်းလိုဘုရားနှင့် အာနန္ဒာဘုရားတို့သို့ သွားရောက်၍ ဂေါပကအဖွဲ့များက ပြင်ဆင်ဆောင်ရွက်ထားမှု၊ ဖြေလျှော့ခွင့်ပြုလာပါက COVID – 19 မကူးစက်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ထားမှု ၊ Online Registration နှင့် ကျန်းမာရေးစစ်ဆေးနိုင်မည့် စက်ကိရိယာများ ပြင်ဆင်ထားရှိပြီးစီးမှု၊ အဆင့်လိုက် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် ဒေသအုပ်ချုပ်ရေးအဖွဲ့များ ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့များ ညှိနှိုင်းပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ အလိုတော်ပြည့်ဘုရား၊ မြစေတီ ဘုရား၊ ထီးလိုမင်းလိုဘုရား၊ ရွှေဆံတော်ဘုရားဂေါပကအဖွဲ့များကလိုအပ်သည်များကို ဆွေးနွေး တင်ပြကြရာပြည်ထောင်စုဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြပါ သည်။
COVID – 19 ရောဂါဖြစ်ပွားမှုကျဆင်းလာပြီး ဖြေလျှော့မှုများဖြင့် စေတီပုထိုးများသို့ လေ့လာ ဖူးမြော်ခွင့်ပြုပါက ဘုရားဖူးပြည်သူများရော ဒေသခံပြည်သူများပါ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန် အတွက် Social Distancing နှင့်အညီ စည်းကမ်းချက်ပညာပေးများ ဆောင်ရွက်ထားမှု၊ အကွာအဝေး သတ်မှတ်ချက်၊ ဘုရားတစ်ဆူချင်း၏ ခွင့်ပြုနိုင်မှု အရေအတွက်၊ ကူးစက်နိုင်မှု မရှိစေရန် အသိပေး နှိုးဆော်ချက်များ ပြင်ဆင်ထားပါသည်။ အလားတူ ဘုရားတစ်ဆူချင်းစီတွင် ဘုရားဖူးများ၏ ကျန်းမာရေး အတွက် အပူချိန်တိုင်း စက်များနှင့်ပစ္စည်းကိရိယာများ ပြင်ဆင်ထားမှု၊ ဘုရားများ၏ ပရိဝုဏ်နှင့် ဂန္ဓကုဋီ အကျယ်အဝန်း အလိုက် ခွင့်ပြုနိုင်မည့် လူဦးရေတွက်ချက်သတ်မှတ်ကာ Auto Counting စနစ်ဖြင့် ဆောင်ရွက်ရန် လျာထား စီစဉ်ထားပြီး CCTV ဖြင့်ပါ စနစ်တကျ ထိန်းသိမ်းကြပ်မတ်နိုင်ရန် ဆောင်ရွက် ထားပါသည်။ Tech Wings ကုမ္ပဏီက Online မှကြိုတင်စာရင်းပေးသွင်း၍ခွင့်ပြုကြည့်ရှုရန်စီစဉ်ထားမှု၊ CCTV လုံခြုံရေးနှင့် Auto Counting စနစ်များကို အသေးစိတ်ရှင်းလင်းတင်ပြပါသည်။ ညောင်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီကလည်း ပုဂံဒေသ၏ အခြေအနေ၊ အချက်အလက်များကို ပြည်သူများ သိရှိနိုင်စေရန် Website နှင့် Page များမှ အချိန်နှင့် တပြေးညီ အသိပေးနိုင်ရေး စီစဉ်နေမှု၊ အဆင့်လိုက် ခွဲခြား၍ ကြီးကြပ်ခွင့်ပြုပေးရန် စီစဉ်ပြင်ဆင် ထားမှုတို့ကို ဒေသအုပ်ချုပ်ရေးအဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ ပူးပေါင်း၍ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။