ရှေးဟောင်းဝတ္ထုပစ္စည်းများအပ်နှံခြင်းနှင့်လှူဒါန်းခြင်းတို့အတွက်ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရှေးဟောင်း ဝတ္ထု ပစ္စည်းများအား ဆုကြေးငွေ ချီးမြှင့်၍ စုဆောင်းခြင်း၊ ယင်းတို့၏ တန်ဖိုးကို သိရှိ တန်ဖိုးထားတတ်စေရန် အများပြည်သူများအား အသိပညာ ပေးခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။

အများပြည်သူများက သားစဉ်မြေးဆက် ထိန်းသိမ်းထားသော ရှေးဟောင်း ဝတ္ထုပစ္စည်းများ၊ နည်းအမျိုးမျိုးဖြင့် တွေ့ရှိရသော ရှေးဟောင်းဝတ္ထု ပစ္စည်း များကို ဤဦးစီးဌာနသို့ လာရောက် အပ်နှံ လာပါကလည်း ဤဦးစီးဌာန လက်အောက်ရှိ အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနပြတိုက် များတွင် စနစ်တကျ မှတ်တမ်းတင် စုဆောင်းထိန်းသိမ်း ပြသထားရှိပါသည်။‌ ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ပြည်သူ တစ်ဦးဦးက ရှေးဟောင်းဝတ္ထုပစ္စည်း များကို လာရောက်အပ်နှံပါက လာရောက် အပ်နှံသည့် ရှေးဟောင်းဝတ္ထုပစ္စည်းအတွက် ထိုက်တန်သော ကာလတန်ဖိုး အပြင် သမိုင်းယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးတို့ကိုပါ ထပ်ဆောင်းချီးမြှင့်စုဆောင်း ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလအတွင်း မကွေတိုင်းဒေသကြီး၊ မကွေးမြို့၊ ကျောက်ကုန်းရပ်ကွက်နေ ဦးကျော်ဝဏ္ဏထွန်းသည် ပျူခေတ်လက်ရာ ကျောက် ပုတီးစေ့များ(ဖြူနက်ကြား၊လိမ္မော်)၊ ဆင်ရုပ် ပုတီးစေ့များ ကျောက်ခေတ် လက်ရာကျောက်လက်နက် နှင့် ပျူခေတ်လက်ရာ ကြေးခြူများ၊ ရောင်စုံ ကျောက်ပုတီးစေ့များ၊ ကြေးနဂါးလက်ကောက် အကျိုးအပိုင်းများစသည်တို့ကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲသို့ လာရောက်အပ်နှံခဲ့သဖြင့် စုစုပေါင်း ဆုကြေးငွေ ၁၇၃၆၉၀/−( ကျပ် တစ်သိန်း ခုနစ်သောင်း သုံးထောင် ခြောက်ရာကိုးဆယ်တိတိ/−)အား ဆုကြေးငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာကိုလည်းကောင်း ၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ အိုးတော်ရပ်ကွက်၊ ရက်ကန်းတော်ရပ်နေ ဒေါ်သက်ဝေရီသည် ပထမအကြိမ်အဖြစ် ကုန်းဘောင်ခေတ် လက်ရာ ကြေးတိုးနယား အလေးများ၊ ကြေးဟင်္သာအလေးများ၊ ကြေးခေတ်လက်ရာ ကြေးလှံသွားများ၊ ကြေးပုဆိန်၊ ကြေးခလောက်၊ ကျောက်ချောခေတ်လက်ရာ ကျောက်လက်နက်များ၊ ကြေးခေတ်လက်ရာ ကျောက်ကွင်းများ၊ သံခေတ်လက်ရာ ကျောက်ကွင်း ဖောက်ဆံ၊ ပျူခေတ်လက်ရာ ပုတီးစေ့များ ၊ ပုဂံခေတ်လက်ရာ မြေနားဋောင်း များ၊ ကုန်းဘောင်ခေတ်လက်ရာ မြေဆေးတံများ စသည်တို့ကို ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲသို့ လာရောက်အပ်နှံ ခဲ့သဖြင့် စုစုပေါင်း ဆုကြေးငွေ ၄၄၀၇၈၀/-(ကျပ် လေးသိန်း လေးသောင်း ခုနစ်ရာ ရှစ်ဆယ် တိတိ/−) နှင့်ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ဒုတိယ အကြိမ်အဖြစ် သံခေတ်လက်ရာ ကျောက်ပုတီးစေ့များ၊ ပျူခေတ်လက်ရာ ငွေဒင်္ဂါးများ၊ ကုန်းဘောင်ခေတ်လက်ရာ ကြေးအလေးများ၊ ရတနာပုံခေတ် ငွေဒေါင်းဒင်္ဂါးများ စသည်တို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲ သို့ လာရောက်အပ်နှံခဲ့သဖြင့် စုစုပေါင်း ဆုကြေးငွေ ၇၈၂၁၇၀/- (ကျပ် ခုနစ်သိန်း ရှစ်သောင်း နှစ်ထောင် တစ်ရာ့ခုနစ်ဆယ်တိတိ/-) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ခြံအမှတ်(၁၉)၊အိမ်အမှတ်(၁၂-၁၃)နေ ဦးစိန်ဝင်းသည် ပျူခေတ်လက်ရာ ရွှေပုတီးစေ့များ၊ ကျောက်ပုတီးစေ့များ၊ရောင်စုံပုတီးကုံးများ စသည်တို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲသို့ လာရောက်အပ်နှံခဲ့သဖြင့် စုစုပေါင်းဆုကြေးငွေ ၅၃၁၅၅၇၄/− (ကျပ် ငါးဆယ့် သုံးသိန်း တစ်သောင်း ငါးထောင် ငါးရာခုနှစ်ဆယ့်လေး တိတိ/−)နှင့် ဂုဏ်ပြု မှတ်တမ်းလွှာကို လည်းကောင်း၊စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဟန်လင်းစံပြကျေးရွာနေ ဒေါ်စိန်အပါအဝင် ဒေသခံ(၁၅)ဦး တို့သည် ကျောက်ခေတ်လက်ရာ ကျောက်လက်နက်များ၊ ပျူခေတ် လက်ရာ မြေအိုးဖင်ချွန်းလတ် ၊ မြေအိုးဖင်လုံး၊ ကျောက်ပုတီးစေ့များ၊ မြေပုတီးစေ့များ၊ မြေဂျင်သီးများ ၊ကုန်းဘောင်ခေတ်လက်ရာ မြေနားတောင်းများ၊ မြေဆေးတံ များ ဆင်အံကျောက်ဖြစ်ရုပ်ကြွင်း (အပဲ့စ ၂ စပါ)၊ ပျူခေတ်လက်ရာ ကျောက် ပုတီးကုံးများ၊ အရိုးဂျင်သီးများ၊ အရိုးပုတီးတောင့်၊ဆင်ရုပ်ပုတီးစေ့ ၊ ကျောက် ပုတီး တောင့်များ၊ ဖန်နားတောင်းများ၊ သလင်းပုတီးစေ့များနှင့် ကြေးခြူတို့ကို ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ဟန်လင်းဌာနစုသို့ လာရောက်အပ်နှံခဲ့သဖြင့် စုစုပေါင်း ဆုကြေးငွေ ၂၇၄၅၉၀/-(ကျပ် နှစ်သိန်း ခုနစ်သောင်း လေးထောင် ငါးရာ ကိုးဆယ် တိတိ) နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း၊စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့၊အမှတ်(၂)နေ ဒေါ်ဖြူဖြူဝင်း သည် ကိုလိုနီခေတ်လက်ရာ သတ္တဌာနကြေးရုပ်တုများ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ဟန်လင်းဌာနစုသို့ လာရောက်အပ်နှံခဲ့သဖြင့် စုစုပေါင်း ဆုကြေးငွေ ၆၅၄၅၀/−( ကျပ် ခြောက် သောင်းငါးထောင်လေးရာငါးဆယ်တိတိ/−)နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း လာရောက် အပ်နှံ ခဲ့သည့်အတွက် သက်ဆိုင်ရာဌာနခွဲများမှ တဆင့် ဂုဏ်ပြုဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့ပါ သည်။လာရောက် လှူဒါန်းမှုအနေဖြင့် တကောင်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ကြာညှပ်ကျေးရွာနေ ဦးဗိုလ်နိုင်ဝင်းမှ ကျောက်လက်နက်ကျောက်ပုတီးစေ့၊ ကြေးထည်ပစ္စည်း၊မြေပုတီးတို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန တကောင်းဌာနခွဲသို့ လည်းကောင်း၊ တကောင်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ သပိတ်ကျင်းမြို့နယ်၊ ဆင်ညှပ်ကုန်းကျေးရွာအုပ်စု၊ ဒေါမကြီး ကျေးရွာနေ ဦးအောင်ပြည့်ဖြိုးမှ ကျောက်လက်နက်၊ သံလက်နက်၊ မြေပုတီးစေ့များအား တကောင်း ဌာနခွဲသို့ လာရောက်လှူဒါန်းခဲ့ပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။