သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဌာနတွင်း (Online)စနစ်ဖြင့် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ (Online) စနစ်ဖြင့် ကျင်းပသောသုတေသနစာတမ်းဖတ်ပွဲကို (၁၈-၂-၂၀၂၁)ရက်နေ့ မှ(၁၉-၂-၂၀၂၁)ရက်နေ့အထိအမျိုးသားပြတိုက် (နေပြည်တော်)တွင် အခြေပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါစာတမ်းဖတ်ပွဲသို့  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ၊ ဦးညွန့်ဟန် (ညွှန်ကြားရေးမှူးချုပ် – ငြိမ်း)၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဌာနခွဲ/ဌာနစု အသီးသီးမှ အရာထမ်း၊ အမှုထမ်းများနှင့် စာတမ်းရှင်များတက်ရောက်ခဲ့ကြပါသည်။

သုတေသနစာတမ်းဖတ်ပွဲပထမနေ့ နံနက်ပိုင်းအစီအစဉ်၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်ကအဖွင့်အမှာစကားပြောကြားရာတွင် ယခုစာတမ်းဖတ်ပွဲ၌ တူးဖော်သုတေသနလုပ်ငန်းနှင့် ကွင်းဆင်းသုတေသနလုပ်ငန်းများ ဆိုင်ရာဗဟုသုတများကိုအပြန်အလှန်ဖလှယ်ကြရန်ရည်ရွယ်ပါကြောင်း၊ ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မပြီးပြတ်သေးသောသုတေသနလုပ်ငန်းများဖြစ်သည့် ကြေးခေတ်/သံခေတ်သုတေသန၊ ပျူခေတ်သုတေသနနှင့် သမိုင်းတင်ခေတ်ဆိုင်ရာ၊ တူးဖော်မှုနှင့်ကွင်းဆင်းသုတေသနစာတမ်း(၈)စောင်ကိုယခုစာတမ်းဖတ်ပွဲတွင် ဖတ်ကြားတင်သွင်းသွားမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းသည် မိမိတို့ဦးစီးဌာန၏ ပင်မအသက်သွေးကြောလုပ်ငန်းဖြစ်ကြောင်း၊ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက် ရသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ၊ ရှေးဟောင်းအဆောက်အအုံများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများအားလုံးကိုသုတေသနပြုလုပ်ရန်လိုအပ်ကြောင်းပြောကြားပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ကယနေ့ကျင်းပသောစာတမ်းဖတ်ပွဲသည်၂၀၂၀-၂၀၂၁   ခုနှစ်များအတွင်းပထမဆုံးပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း၊Covid19 ရောဂါကာလအတွင်း စာတမ်းဖတ်နိုင်အောင် ကြိုးပမ်းကြသဖြင့်လည်းဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍ သုတေသနလုပ်ငန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ၊ ရှေးဟောင်းအဆောက်အအုံထိန်းသိမ်းရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲနှင့်ပြတိုက်လုပ်ငန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ များ ကိုကျင်းပသွား မည်ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲများမှသင့်တော်ရာစာတမ်းများကိုလည်းဦးစီးဌာန မှ ပုံနှိပ်ထုတ်ဝေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ယခုစာတမ်းဖတ်ပွဲနှင့် တက်ရောက် လာသူများကလည်းမိမိတို့အတွေ့အကြုံများနှင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။

ပထမနေ့စာတမ်းဖတ်ပွဲအစီအစဉ်အရနံနက်ပိုင်းတွင် စာတမ်းရှင်ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဦးစီးအရာရှိဦးဖြိုးပြည့်ကိုကိုက”ပုဂံမြို့ဟောင်းဇီးအို ကျေးရွာအနီးရှေးဟောင်းသံချက်ဖိုများ၏ သံချက်လုပ်မှုနည်းပညာလေ့လာသိရှိနိုင်ရန် တူးဖော်သုတေသနပြုခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊မန္တလေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း က “အုတ်အိုင်ဒေသတူးဖော်တွေ့ရှိချက်များ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊  အမျိုးသားပြတိုက်(ရန်ကုန်)မှလက်ထောက်ညွှန်ကြားရေးမှူးဦးမောင်ဆန်းဝင်း က “ပင်လယ်ရေကြောင်းပိုးလမ်းမတူးဖော်မှု”ခေါင်းစဉ်ဖြင့် လည်းကောင်း စာတမ်းများ အသီးသီးဖတ်ကြား တင်သွင်းခဲ့ပါသည်။

    နေ့လည်ပိုင်းတွင် ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း(ပြည်)မှ လက်ထောက်ကထိက ဦးဇင်ဦးက”တနင်္သာရီတိုင်းဒေသကြီးရှိ သာဂရမြို့ဟောင်း၏ အရိုးအိုးမြှုပ်နှံမှုအလေ့အထကို လေ့လာခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ ဟန်လင်းဌာနစုမှ ဒုတိယညွှန်ကြားရေးမှူးဦးကြည်ခင်က “ရခိုင်ဒေသရှိ ဝေသာလီမြို့ဟောင်းအား တူးဖော်မှု လေ့လာချက်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ ဟန်လင်းဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူးဦးထွန်းထွန်းအေးက “HL-29(2) နှင့် HL Test Pit 1 (2018)” ခေါင်းစဉ်ဖြင့် လည်းကောင်းစာတမ်းများအသီးသီးဖတ်ကြားတင်သွင်းခဲ့ပါသည်။

ဒုတိယနေ့ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ(၁၉-၂-၂၀၂၁)ရက်နေ့ နံနက်ပိုင်းအစီအစဉ်တွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနမန္တလေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးဦးလှရွှေက”အင်းဝယဉ်ကျေးမှုနယ်မြေစည် တိုပုံမြို့ဟောင်း အတွင်းရှိ နန်းခုံအုတ်မြို့ရိုး တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုအား သုတေသန လေ့လာတွေ့ရှိ ချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း( ပြည်)မှ နည်းပြဦးဇော်မင်းအောင်က “KGM-1 (ကိုယ်ကြီးမြှုပ်)တူးဖော်သုတေသနပြု လုပ်ရာမှ ထွက်ပေါ်လာသောအုတ်ပန္နက်ခုံအားသုတေသနအမြင်ဖြင့်ချဉ်းကပ် လေ့လာခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်းစာတမ်းများအသီးသီးဖတ်ကြားတင်သွင်းခဲ့ပါသည်။

သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်လာသောဌာနခွဲ/ဌာနစုအသီးသီးမှအရာထမ်း၊ အမှုထမ်းများကစာတမ်းပါအကြောင်း အရာများကိုဝိုင်းဝန်းဆွေးနွေးမေးမြန်းခဲ့ရာစာတမ်းရှင်များကအသီးသီးဖြေကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က နိဂုံးချုပ်အမှာစကားပြောကြားကာ (၁၉-၂-၂၀၂၁) ရက်နေ့(နေ့လည်၁၂:၀၀)အချိန်တွင် (Online) စနစ်ဖြင့် ကျင်းပသောသုတေသန စာတမ်းဖတ်ပွဲအားအောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသတင်းရရှိပါသည်။