(၂၅)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့်အစည်းအဝေး

၂၀၂၁ ခုနှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ဘရူနိုင်းနိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူး၍ (၂၅)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက် အဝန်း ကောင်စီဝန်ကြီးများအဆင့်အစည်းအဝေးကို ၃၁.၃.၂၀၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ်(၁:၀၀) အချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေး သို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီးဖြစ်သော သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅)၊ နေပြည်တော်မှ ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေး၌ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်၏ ဦးစားပေးကဏ္ဍများ၊ ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ ၃၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်ကြီးများက အတည်ပြုမည့် ကြေညာချက်များနှင့် မှတ်တမ်းတင်ရှိမည့် လုပ်ငန်းစဉ်များအား အတည်ပြုဆွေးနွေးခဲ့ကြသည်။

          ၃၈ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုမည့် နိုင်ငံတည်ဆောက်မှုနှင့် အသိုက်အဝန်းတိုးတက်ရေးအတွက် မိသားစုများအရေးပါမှုအပေါ် အာဆီယံခေါင်းဆောင်များ၏ သဘောထားကြေညာချက်အပါအဝင် လုပ်ငန်းစဉ် (၇)ခုနှင့် ၂၀၂၁-၂၀၂၅ အတွင်း ရွှေ့ပြောင်း သွားလာမှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ အာဆီယံကြေညာချက် ဖော်ဆောင် နိုင်ရေးဒေသစီမံချက်၊ အာဆီယံဖွံ့ဖြိုးတိုးတက်မှုအလားအလာအစီအစဉ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း၊ အာဆီယံ-ဖီဖာနားလည်မှု စာချွန်လွှာချုပ်ဆိုရေးအတွက် နှစ်စဉ်ပူးပေါင်းဆောင်ရွက်ရေးစီမံချက်တို့အပါအဝင် အာဆီယံရာ သီဥတုပြောင်းလဲမှုဆိုင်ရာအစီရင်ခံစာ၊ ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာလုပ်ငန်းအစုအဖွဲ့များ၏ လုပ်ငန်းစီမံချက်နှင့် အစီအစဉ်များ အပါအဝင် လုပ်ငန်းစဉ် (၂၃)ခုအား မှတ်တမ်းတင်ရှိရေး အတည်ပြုဆွေးနွေးခဲ့ကြသည်။           ထို့ပြင် ၂၄ကြိမ်မြောက် အာဆီယံ+(၃) ထိပ်သီးအစည်းအဝေးနှင့် ၁၆ ကြိမ်မြောက် အရှေ့ အာရှထိပ်သီးအစည်းအဝေးများတွင် အတည်ပြုမည့် လုပ်ငန်းစဉ်(၂)ခုကို အတည်ပြု ဆွေးနွေးခဲ့ကြ သည်။ အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုကပြောကြားရာတွင် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ၏ ၂၀၂၁ ခုနှစ်အတွက် ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားတာ(We Care, We Prepare, We Prosper) ခေါင်းစဉ်ဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်းမှာ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များသည် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင်၏ ဦးစားပေးလုပ်ငန်းများဖြစ်သော ပြည်သူကိုဗဟိုပြုပြီး ကြံ့ကြံ့ခံနိုင်သော အာဆီယံနှင့် သက်ဆိုင်သည့် လုပ်ငန်းများပါဝင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အာဆီယံစည်းမျဉ်းစည်းကမ်း နည်းလမ်းများနှင့်အညီ မိမိတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ထောက်ပံ့ဆောင်ရွက်မှုများကြောင့် ၂၀၂၅ ခုနှစ် အာဆီယံအသိုက်အဝန်းသို့ သွားရောက်နေသည့် လမ်းကြောင်းတစ်ဝက်တွင် ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း နှစ်လည် အစီရင်ခံစာ ၂၀၁၆-၂၀၂၀ကို အောင်မြင်စွာ ရေးသားပြုစုနိုင်ရေးအတွက် SOCA အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ်လည်း ကျေးဇူး တင်ရှိပါကြောင်း၊ ASCC ရဲ့ဆက်စပ်လုပ်ငန်းအစုအဖွဲ့များအနေဖြင့် ပြီးမြောက်ခဲ့သော နှစ်လည် အစီရင်ခံစာမှ ရလဒ်များကို အခြေခံပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ပိုမိုပြည့်စုံပြီးမဟာဗျူဟာ မြောက်သော သက်ဆိုင်ရာလုပ်ငန်းအစီအစဉ်အသစ်များကို ရေးဆွဲနိုင်လိမ့်မည်လို့ မျှော်လင့် ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အခြားကမ္ဘာ့နိုင်ငံများနှင့်အတူ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အပြင်းအထန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မိမိတို့ အနေနှင့်လည်း အဆိုပါကပ်ရောဂါဖြစ်ပွားမှုကို ကျော်လွှား၍ ရွှေရောင်အနာဂတ်များ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဒေသအတွင်းပြည်သူများ၏ လူနေမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေး၊ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖြစ်ပေါ် စေရန် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းခိုင်မာတိုးတက်စေရေး အပြည့်အဝ ထောက်ခံကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။