အာဆီယံ၏ (4IR) အတွက် ခိုင်မာသော မဟာဗျူဟာအစီအစဉ်ရေးဆွဲရေး ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲ

၂၀၂၁ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့    ဗီဒီယိုကွန်ဖရင့်

                                                             

၁။      အာဆီယံတွင် စတုတ္ထစက်မှုတော်လှန်ရေး(4IR Fourth Industrial Revolution)ကို ဆောင်ရွက်လျက်ရှိပြီး အာဆီယံ-ဩစတြေးလျဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ (4IR) အတွက် ခိုင်မာသော မဟာဗျူဟာအစီအစဉ်ကို ရေးဆွဲလျက် ရှိပါသည်။

၂။       သို့ဖြစ်ရာ ယင်းအစီအစဉ်အတွက် အာဆီယံ၏ မဏ္ဍိုင်များနှင့် ၎င်းတို့၏သက်ဆိုင်ရာ လုပ်ငန်းအစုအဖွဲ့များက အားလုံးပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သဖြင့် အာဆီယံ၏ (4IR) အတွက် ခိုင်မာသော မဟာဗျူဟာအစီအစဉ်ရေးဆွဲရေး ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကြီးမှူး၍ ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် နံနက် ၀၉ ၀၀ နာရီ မှ ၁၂ ၀၀ နာရီ အထိ ကျင်းပခဲ့ပါသည်။

၃။      အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများ၏ သက်ဆိုင်ရာကဏ္ဍအသီးသီးဖြစ် သည့် အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံစီးပွားရေးအသိုက်အဝန်း မဏ္ဍိုင်၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် အသီးသီးတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ တာဝန်ခံအရာရှိကြီး များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ သက်ဆိုင်ရာတာဝန်ခံများ၊ နိုင်ငံတကကာမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၃၃) ယောက် တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် အဆင့်မြင့်အရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိ သော သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။