ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ကြည့်ရှုစစ်ဆေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အတွင်း လုပ်ငန်းဆောင်ရွက်မှု များကို ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကို အမျိုးသား စာကြည့်တိုက် (နေပြည်တော်)၊ ရှင်းလင်း ဆောင်၌ အမျိုးသား စာကြည့်တိုက် (နေပြည်တော်) ၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက် မှုအခြေအနေများကို သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို မှာကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ Digitial Library အခန်း၊ စာငှားဝန်ဆောင်မှုအခန်း၊ ပေ၊ ပုရပိုက်များ စုဆောင်း ထိန်းသိမ်းထား သည့်အခန်း၊ သမိုင်းသုတေသန စာကြည့်တိုက်၊ Data Center တည်ဆောက်ထားမှုနှင့် e-Library စနစ် ဆောင်ရွက်ထားမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုရာ သမိုင်းသုတေသန နှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က လိုက်လံရှင်းလင်းပြသပြီး ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန်ကာလ၌ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်နှင့် ဆောင်ရွက်နိုင် ရေး၊ စာကြည့်တိုက်လှုပ်ရှားမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာ စာကြည့် တိုက်များနှင့် ချိတ်ဆက်နိုင်ရေး ရှေးဟောင်းစာပေအမွေအနှစ်ဖြစ်သည့် ပေ၊ ပုရပိုက် များကို အထူးအလေးထား စုဆောင်းထိန်းသိမ်းနိုင်ရေးနှင့် စာကြည့်တိုက် စီမံခန့်ခွဲ မှုပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ရေးတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွား ကြရန်မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာနမှ ဝန်ထမ်းများအားတွေ့ဆုံ၍ စာကြည့်တိုက်သည် “True University is Collection of Book” ဟုဆိုသည့်အတိုင်း အသိပညာနှင့် ဗဟုသုတများ ရှာမှီးရန် ဘဝ တက္ကသိုလ်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ဘွဲ့ရရှိပြီးပါက စာကြည့်တိုက်သို့ သွား၍ Self Learning လုပ်၍ ဗဟုသုတနှင့် အသိပညာများ ထပ်မံရှာဖွေကြကြောင်း၊ အဆိုပါ Self Learning ဆောင်ရွက်သူများကို စာကြည့်တိုက်ဝန်ထမ်းများက မိမိတတ်ကျွမ်းထားသော စာကြည့်တိုက် ပညာ၊ ရှာဖွေ လေ့လာထားသော အသိပညာများဖြင့် အကူအညီပေး ဝန်ဆောင်မှုပြုရကြောင်း။ သို့အတွက် စာကြည့်တိုက်၏ ဝန်ထမ်းများအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရန် သက်ဆိုင်ရာ သင်တန်းများ တက်ရောက်ရုံသာမကဘဲ စဉ်ဆက်မပြတ် ကိုယ်တိုင်လေ့လာ ဆည်းပူးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိတိကျကျလိုက်နာ၍ မိမိတာဝန်ကို စွမ်းအားပြည့် ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးဦးကိုကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ Digitial Library အခန်း၊ စာငှားဝန်ဆောင်မှုအခန်း၊ ပေ၊ ပုရပိုက်များ စုဆောင်း ထိန်းသိမ်းထား သည့်အခန်း၊ သမိုင်းသုတေသန စာကြည့်တိုက်၊ Data Center တည်ဆောက်ထားမှုနှင့် e-Library စနစ် ဆောင်ရွက်ထားမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု

အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ကို ၂၀၁၀ ပြည့်နှစ်၊ ဇွန် ၃ ရက်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မေ ၃ ရက်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ အမျိုးသား စာကြည့် တိုက်(နေပြည်တော်)သည် မြန်မာအမျိုးသား စာပေစုအမွေအနှစ်ဗဟိုဌာန ဖြစ်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ဆိုင်ရာ အခမ်းအနားများကို ကျင်းပခြင်း၊ ပြည်တွင်း ပြည်ပက ပုံနှိပ် ထုတ်ဝေသော မြန်မာနိုင်ငံဆိုင်ရာ စာစုများကို စုဆောင်းထိန်းသိမ်းသော ဗဟိုစာစုဌာနအဖြစ် ဆောင်ရွက်ခြင်း၊ ပြည်တွင်းမှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းနှင့် စာအုပ်မဟုတ်သော အခြားပစ္စည်းများကို ပြည့်စုံစွာ ရရှိနိုင်ရေး စုဆောင်းထိန်းသိမ်းခြင်း၊ အမျိုးသားစာစု စာရင်း (National Bibliography)ကို ပြုစုထုတ်ဝေခြင်း၊ စာကြည့်တိုက်အချင်းချင်း ဆက်သွယ် ငှားရမ်းရေး (Interlibrary Loan)ကို ပြုလုပ်ခြင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်၍ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအား စာကြည့်တိုက်နှင့် သုတပညာဆိုင်ရာ အသိပညာပေးခြင်း၊ အရှေ့တောင်အာရှဒေသမှ စာစုများကို ရယူစုဆောင်း ၍ အများပြည်သူတို့အား ဖြန့်ဝေခြင်း၊ မြန်မာနိုင်ငံထုတ် စာနယ်ဇင်းများ၏ စာနယ်ဇင်း အညွှန်းများ (Periodical Indexes)ကို ပြုစုထုတ်ဝေခြင်း၊ နိုင်ငံ၏ စာကြည့်တိုက်နှင့် သုတ ပညာလုပ်ငန်းများတွင် အသုံးပြုနေသော စာကြည့်တိုက်နည်းစနစ်များကို တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်စေရေးအတွက် “စံ”သတ်မှတ်ကာ ပြုစုထုတ်ဝေခြင်း၊ အရှေ့တောင် အာရှ ဒေသဆိုင်ရာကွန်ယက် (South East Asia Regional Network)နှင့် နိုင်ငံတကာ ကွန်ယက် စနစ်(Internet)တွင် ပါဝင်နိုင်ရေးအတွက် စာကြည့်တိုက်ဆိုင်ရာ နည်းပညာများကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခြင်း၊ ကလေးစာကြည့်တိုက် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။