ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ညှိနှိုင်းအစည်းအဝေး တက်ရောက်အမှာစကားပြောကြား

ရန်ကုန် မေ ၆

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ မွန်းလွဲ ၁ နာရီခွဲတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဉီးစီးဌာန၊ ရန်ကုန်ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊  ညွှန်ကြားရေးမှူးချုပ်များ၊  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်း ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ နိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ နာယက၊ မြောက်ဦးအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက် ရေး အဖွဲ့ဝင်များနှင့် မြောက်ဦးဒေသ ကမ္ဘာ့ အမွေအနှစ်စာရင်းတင်သွင်းရေး လုပ်ငန်းဆောင်ရွက် နေသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မြန်မာနိုင်ငံရှိ ပေါကြွယ်လှသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများအနက်မှ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ဆုံးရှုံးမှု မရှိစေ ရေးအတွက် အမွေအနှစ်ဒေသ (၄၈)ခုကို ဥပဒေ နှင့်အညီ ဇုန်နယ်နိမိတ် သတ်မှတ်ထိန်းသိမ်း စောင့်ရှောက် လျက်ရှိပါကြောင်းနှင့် မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ဒေသသည် အမျိုးသားအဆင့် အမွေအနှစ် ဒေသလည်းဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံရှိ ယဉ်ကျေး မှုအမွေအနှစ် (၁၀)ခု နှင့် သဘာဝအမွေအနှစ် (၇) ခု၊ စုစုပေါင်း (၁၇) ခုကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သတ်မှတ် နိုင်ရေးအတွက် UNESCO ၊ ကမ္ဘာ့အမွေအနှစ်ဌာနကို အဆိုပြု အမွေအနှစ် စာရင်းအဖြစ် တင်သွင်းထားခဲ့ပါကြောင်း၊ ပျူ ရှေးဟောင်းမြို့များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေ ခေတ္တရာ မြို့ဟောင်းများကို ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့နှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၆) ရက်နေ့တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရပါကြောင်း။

ထို့အပြင် (၂၀၁၃) ခုနှစ်၊ ဇွန်လ (၆)ရက်နေ့တွင် မန္တလေးမြို့ရှိ မဟာလောကမာရဇိန်ခေါ် ကုသိုလ် တော်ဘုရား၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ပုဂံမှာ ရှိသည့် ရာဇကုမာရ်မင်းသား ဘာသာ (၄) မျိုးဖြင့် ရေးထိုးခဲ့သည့် ရာဇကုမာရ် ကျောက်စာ၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ညောင်ဦးမြို့ ရွှေစည်းခုံဘုရားရှိ ဘာသာ (၃)မျိုးဖြင့် ရေးထိုးထားသော ဘုရင့်နောင် ခေါင်းလောင်းစာနှင့် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာ မြို့ရှိ ဘုရင့်နောင် မင်းတရားကြီး၏ ရွှေပေလွှာတို့ ကိုလည်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ် (Memory of the World) အဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့တွင် မြောက်ဦးမြို့ ရှစ်သောင်းဘုရားရှိ  အာနန္ဒစန္ဒြကျောက်စာကို အာရှ-ပစိဖိတ် မှတ်တမ်း အမွေအနှစ်အဖြစ် လည်းကောင်း သတ်မှတ်ခံခဲ့ရပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ရခိုင် တစ်မျိုးသားလုံး၏ တန်ဖိုးထားရာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့အတွက်လည်း ပုဂံကဲ့သို့ အထွတ်အမြတ် ထားရာဖြစ်၍ လူမှုအဖွဲ့အစည်းတစ်ရပ်လုံး၏ ဘိုးဘွားစဉ်ဆက် လက်ဆင့် ကမ်းခဲ့ကြသည့် လူမှုစီးပွားဘဝ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ အနုပညာဆိုင်ရာ အားမာန်နှင့် စိတ်ဓာတ်တို့ကို ထင်ဟပ်ဖော်ပြနေသည့်ယဉ်ကျေးမှုအမွေအနှစ်ဒေသတစ်ခု ဖြစ်သည့်အပြင် သမိုင်းကြောင်းအရ အနုလက်ရာ၊ ဗိသုကာလက်ရာများနှင့် မြို့ပြ ဖွံ့ဖြိုးတိုး တက်စည်ပင်မှုများကို ဖော်ညွှန်းနေသည့် အမွေအနှစ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ သမိုင်းဝင် မြောက်ဦးမြို့တော်၏ လုံခြုံရေးဆိုင်ရာ တည်ဆောက်မှုများ၊ ဥယျာဉ်လယ်ယာ စိုက်ပျိုးမြေများ၊ ဘာသာရေးအဆောက်အအုံများ၊ သာသနိ က အဆောက်အအုံများ တောင်ကုန်းတောင် တန်းများပေါ်ရှိ မြို့ရိုးစနစ်၊ မင်းခမ်းမင်းနား ဓလေ့ထုံးစံ ဆိုင်ရာ တည်ဆောက်မှုများ၊ ရှေးဟောင်း သုတေသနဆိုင်ရာ အထောက်အထားများဖြစ်သည့် မြို့ဝင်ပေါက်တံခါး၊ ခံတပ်၊ နန်းတော်ရာနှင့် နန်းတော်တံတိုင်း၊ စပါးကျီ၊ စဉ့်ဖိုနှင့် မြောက်ဦး ခေတ်ကျောက်စာများကိုလည်း လေ့လာနိုင်ပါကြောင်း၊ ကိုးကွယ်မှုဆိုင်ရာ စေတီ၊ ပုထိုး၊ ဂူဘုရား၊ ဗုဒ္ဓဆင်းတုတော်များ၊ နတ်ကွန်းများ၊ သိမ်အဆောက်အအုံများနှင့် ပိဋကတ်တိုက်များကိုလည်း တွေ့ရှိနိုင်ပါကြောင်း၊ ရှေးဟောင်း အဆောက်အအုံအများစုကို သဲကျောက်များနှင့် ထွင်းထု တည်ဆောက်ထားပြီး မြန်မာနိုင်ငံတွင်  မြောက်ဦးတစ်နေရာတည်း၌ တွေ့မြင်ရပါကြောင်း ၊ ဒြပ်ရှိ/ ဒြပ်မဲ့ ရှေးဟောင်း ယဉ်ကျေး မှုအမွေအနှစ်များ၊ အလှတရားများနှင့် ကြွယ်ဝပြည့်စုံလျက်ရှိသည့် မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာနအနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြောက်ဦး ဒေသအတွင်း အမျိုးအမည် များပြားလှသည့် အချက်အလက်များ  စာရင်းကောက်ယူခြင်း၊ ဂြိုလ်တု ဓာတ်ပုံ/ မြေပုံတွေ၊ GIS မြေပုံတွေ၊ ကောင်းကင်ဓာတ်ပုံ၊ One Map အတွက် အချက် အလက်ရရှိရေးတို့ကို ပြည်တွင်း/ ပြည်ပ ပညာရှင်များနှင့် ဌာနက အရာထမ်း အမှုထမ်းများ ပူးပေါင်း ဆောင်ရွက်မှုကြောင့် အဆိုပြု စာတွဲ(မူကြမ်း) Nomination Dossier(Draft) ကို (၂၀၁၉)ခုနှစ်၊ စက်တင်ဘာလက ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်သွင်းထားပြီး ဖြစ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သည့် အကြံပေးအဖွဲ့များ၊ လုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းခဲ့ပါကြောင်း၊ အစိုးရအဖွဲ့အစည်း၊ ဒေသအာဏာပိုင်၊ ဒေသအတွင်းက ယဉ်ကျေးမှု ထိန်းသိမ်း ရေးအဖွဲ့များ၊ ဒေသခံများအားလုံး၏ ပူးပေါင်းပါဝင် ကြိုးပမ်းမှုများကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရမည်ဟု ယုံကြည်ပါကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူများပူးပေါင်း၍ အမွေအနှစ်ဒေသများကို အမြင့်ဆုံးကာကွယ် စောင့်ရှောက်မည်ဖြစ်ပြီး အမွေအနှစ်ဒေသများသည် မိမိနိုင်ငံ မိမိဒေသ၏ ဂုဏ်သိက္ခာ တိုးတက်မှု များနှင့်အတူ ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးမှု အပါအဝင် အဖက်ဖက်က တိုးတက်လာမှုများပါ မလွဲမသွေ ရရှိလာ နိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်အောင် ဆောင်ရွက် ရာတွင် ဒေသခံများ အကျိုးစီးပွားမထိခိုက်ရန်နှင့် ဒေသခံ ပြည်သူများ လုပ်ကိုင်နိုင်သည့် ကိစ္စများပါ ဖော်ဆောင်ပေးမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့် နည်းပညာရော၊ ရန်ပုံငွေရော ကူညီပံ့ပိုးမှုများပါ ရရှိလာနိုင်မည် ဖြစ်ပြီး ဒေသ၏တိုးတက်မှုများ၊ ဒေသခံများ၏ အကျိုးစီးပွားတိုးတက်မှုများပါ ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊  မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် လူမျိုး၏သမိုင်း ကမ္ဘာတွင်ကျန်ရစ်စေရန်အတွက် ယခုအစည်းအဝေးတက် ရောက်လာသူ အပေါင်းက မိမိတို့ကျရာ အခန်းကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေး စေလိုပါကြောင်း ပြောကြားသည်။

ထို့နေက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားတိုက်ဦးစီးဌာန‌မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး လွင်က မြောက်ဉီးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးနှင့် ပတ်သက် ၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ရန် စီစဉ်လျာထားမှုများကို ရှင်းလင်း တင်ပြခဲ့ပြီးနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ မြောက်ဉီး ဌာနခွဲမှ ညွှန်ကြားရေးမှူး တို့က မြောက်ဉီးယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ အဆိုပြု စာတွဲများတွင် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများ မြောက်ဦးဒေသ၏ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေး မူဘောင် ရေးဆွဲထားမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် အစည်းအဝေး တက်ရောက်လာသူများက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဉီးကိုကိုက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်အောင် ဆောင်ရွက်ရာတွင် ဒေသတွင်း နယ်မြေအေးချမ်းလုံခြုံရေးရရှိရန် အထူးလိုအပ်ပါကြောင်း၊ ဒေသတွင်း နယ်မြေ အေးချမ်းလုံခြုံမှသာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် လိုအပ်သော  အထောက်အထား၊ စာရင်းဇယားများကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မြေပြင် ကွင်းဆင်းလျက် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်ဒေသရရှိပြီးပါကလည်း ဒေသတွင်းနယ်မြေ အေးချမ်းလုံခြုံရေးရရှိရန် ဆက်လက် လိုအပ်နေမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ရဟန်းသံဃာနှင့် ပြည်သူအားလုံးကလည်း ဒေသတွင်း နယ်မြေအေးချမ်းလုံခြုံရေး အထူးတောင်းတလိုလားလျက် ရှိပါကြောင်း၊ သို့အတွက် ရဟန်း ရှင်လူ ပြည်သူအားလုံးက ဒေသတွင်း နယ်မြေအေးချမ်းလုံခြုံရေးရရှိအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း‌ ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)