သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်

နေပြည်တော် မေ ၁၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၏ “ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖော်ထုတ် ထိန်းသိမ်းရေးဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲ”ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ ယဉ်ကျေးမှု ရတနာခန်းမ၊ နေပြည်တော်၌ Covid – 19 စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ယနေ့ ကျင်းပပြုလုပ် ခဲ့သည်။ စာတမ်းဖတ်ပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်စန္ဒာခင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြား ထားသော ပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများ၊ စာတမ်းရှင်များ၊ စိတ်ဝင်စား၍ စာရင်းသွင်းထားသည့် ပုဂ္ဂိုလ်များနှင့် ဌာနမှအရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

              သုတေသနစာတမ်းဖတ်ပွဲတွင်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် ယခုစာတမ်းဖတ်ပွဲသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဖော်ထုတ်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနအရည်အသွေးတိုးတက်ရေးကို ဦးတည်ပြီး စာတမ်းရှင်များက မိမိတို့ကိုယ်တိုင် ပါဝင် သုတေသနပြု၊ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများမှရရှိခဲ့သည့် သုတေသနအကျိုးရလဒ် များကို ရေးသားပြုစုထားသည့် စာတမ်း(၁၃)စောင်ကို ဖတ်ကြားသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် လူသား မျိုးနွယ် အစဖြစ်ထွန်းတည်ရှိခဲ့မှုကို အခိုင်အမာဖော်ပြနိုင်သည့် ကျောက်ဖြစ် ရုပ်ကြွင်း ပရိုင်းမိတ် များတွေ့ရှိရာ နေရာများစွာတွေ့မြင်နိုင်သလို ရှည်လျား လှသောသမိုင်းကြောင်း နဲ့အတူ ယဉ်ကျေးမှုအမွေအနှစ်များနဲ့ သဘာဝအမွေအနှစ်များ ပေါများလှသည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ခေတ်အဆက်ဆက်သမိုင်းကြောင်းကို    ကြည့်မည် ဆိုလျှင် မိမိတို့၏ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များက ဘုရား၊ ပုထိုး၊ ဂူ၊ ကျောင်းအစရှိသည့် သာသနိက အဆောက်အအုံများ၊ နန်းတော်ဟောင်းများ၊ မြို့တော်ဟောင်းများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ စသည့် ထိတွေ့ကိုင်တွယ် တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ တည်ဆောက်ပြုလုပ် သုံးစွဲခဲ့ကြသည်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် ယနေ့အထိတွေ့မြင်နိုင်ပါကြောင်း၊ အလားတူ တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစွာလည်း နိုင်ငံ တဝှမ်းမှာ တည်ရှိနေကြောင်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ရှေးဟောင်းနေရာဒေသများ၊ ရှေးဟောင်းအဆောက်အအုံများ နှင့်တကွ ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို ထာဝရတည်တံ့စေရန်နှင့် ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ အမျိုးသားအဆင့်မှသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ကမ္ဘာ့အမွေအနှစ်များအဖြစ် ပြဋ္ဌာန်းသတ်မှတ်ပြီး ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။           ထို့အပြင် ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းရေးဇုန်များ သတ်မှတ်ထိန်းသိမ်းခဲ့ရာ (၄၈)ဇုန်သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရှေးဟောင်းအဆောက်အအုံများနှင့်ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသများကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဉပဒေရေးဆွဲခြင်းများ ပြဋ္ဌာန်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဥပဒေပြဋ္ဌာန်းနိုင်ရန် ရေးဆွဲနေဆဲဖြစ်ပါကြောင်း၊ ယခုစာတမ်းဖတ်ပွဲတွင် ဖတ်မည့် စာတမ်းများသည် ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ မြောက်ဦး၊ အမရပူရခေတ်ဆိုင်ရာကာလများ၏ ရှေးဟောင်းအဆောက်အအုံများ၊ နံရံပန်းချီများ၊ ကျောက်ဆစ် ရုပ်ကြွများ၊ အုတ်ခဲများ၊ ကျောက်စာများ၊ သစ်သားဘုန်းတော်ကြီးကျောင်းများအား သုတေသနပြုမှု၊ ရေရှည်တည်တံ့ခိုင်မြဲစေရန် စနစ်တကျထိန်းသိမ်းမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ သုတေသန လေ့လာတွေ့ရှိချက်စာတမ်းများဖြစ်ကြောင်း၊ ဖတ်ကြားမည့်စာတမ်းရှင်များသည် သုတေသနဆိုင်ရာ၊ ရှေးဟောင်းအဆောက်အအုံနှင့် အနုလက်ရာထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်အသီးသီးတွင် ပါဝင်ဆောင်ရွက်နေကြသူများဖြစ်ပြီး ဒေသအသီးသီး၌ ဆောင်ရွက်ခဲ့မှု၊ နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့မှုများမှရရှိလာသည့် သုတေသနပြုချက် များကိုအခြေခံပြီး သမိုင်းမတင်မီခေတ်မှ ယနေ့မျက်မှောက်ခေတ်ကာလအထိ ခေတ်အဆက်ဆက် ယဉ်ကျေးမှုသွင်ပြင် များကို ဖော်ထုတ်သုတေသနပြုပြီးသော အထောက်အထားများအား အခြေခံ ဖတ်ကြားသွားမှာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲကျင်းပခြင်းကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် ပါဝင်သော “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်လာ များကိုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်သိမ်းစောင့်ရှောက်ရေး” ကို အလေးပေးဆောင်ရွက်သွား နိုင်မှာဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ မြေပေါ်မြေအောက်ရှိ ယဉ်ကျေးမှုဆိုင်ရာအထောက် အထားများကို ထိန်းသိမ်းရေးလုပ်ငန်းများ၌ စေတနာပါပါဖြင့် တစိုက်မတ်မတ်ဆောင်ရွက်ပြီး ပြည်သူများ ပူးပေါင်းပါဝင် ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာနိုင်စေကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ သုတေသနစာတမ်းဖတ်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဖတ်ကြားသည့်စာတမ်းများကို အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ပုံနှိပ်ထုတ်ဝေ သွားမည်ဖြစ်ကြောင်း၊ ရှေးဟောင်းအဆောက်အအုံနှင့် အနုလက်ရာထိန်းသိမ်းရေးဆိုင်ရာနှင့် သုတေသနပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်သည့်အခါ အရှိန်အဟုန်မြင့်မားစွာဆောင်ရွက်နိုင်ဖို့ အတွေ့အကြုံ နုနယ်သေးသည့် မျိုးဆက်သစ်လူငယ်များကို အတွေ့အကြုံအသိပညာများ ဖြန့်ဝေ ပေးနိုင်ရန်ရည်ရွယ်၍ ယခုစာတမ်းဖတ်ပွဲအား ကျင်းပရခြင်းဖြစ်ပါကြောင်းနှင့် နောင်တစ်ချိန်၌ ဆက်လက်တာဝန်ယူ ဆောင်ရွက်ကြမည့် အရာထမ်း/ အမှုထမ်းများအနေဖြင့် တာဝန်သိမှု၊ တာဝန် ရှိမှု၊ တာဝန်ယူလိုမှု စိတ်အပြည့်အဝဖြင့် သုတေသနလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊  ပြောကြားပါသည်။

              ဆက်လက်၍ပြည်ထောင်စုဝန်ကြီးက သုတေသနနှင့်ထိန်းသိမ်းရေးဆိုင်ရာ သုတေသန စာတမ်းများသာမက ပြတိုက်နှင့်သက်ဆိုင်သည့် သုတေသနစာတမ်းဖတ်ပွဲများကိုလည်း စဉ်ဆက် မပြတ် ကျင်းပပေးရန်လိုအပ်ကြောင်း၊ ဖတ်ကြားသောစာတမ်းများကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေ ရာတွင် စာတမ်းရှင်များ၏ အတ္ထုပ္ပတ္တိများ၊ မေးမြန်းသူနှင့်မေးမြန်းချက်၊ ဖြေကြားချက်များဖြင့်တကွ ပြည့်စုံစွာထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

              ၎င်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စာတမ်းဖတ်ပွဲစီစဉ်ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အစီအစဉ်အရ စာတမ်းရှင် ဒေါက်တာအေးအေးသင်း ( ညွှန်ကြားရေးမှူး၊ အမျိုးသားပြတိုက်၊ နေပြည်တော်) က    A Study on the Bricks of Wadee Ancient Pyu City စာတမ်း၊ ဦးထွန်းထွန်းအေး (လက်ထောက် ညွှန်ကြားရေးမှူး၊ ဟန်လင်းဌာနစု)က “ဟန်လင်းတူးဖော်မှုကုန်းအမှတ် (၃၉)မှ တွေ့ရှိရသော သဲကျောက်ရုပ်ကြွအားထိန်းသိမ်းခြင်းစာတမ်း”တို့ကို ဖတ်ကြားတင်သွင်းပြီး စာတမ်းဖတ်ပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ဖြေကြားခဲ့ပြီးနောက် ညနေပိုင်းတွင် စာတမ်းရှင် ဦးဘုန်းကျော်(ညွှန်ကြားရေးမှူး၊ တောင်ကြီးဌာနခွဲ)က “မြောက်ဦးခေတ်သဲကျောက် အဆောက်အအုံဆိုင်ရာ ဗိသုကာ၊ အနုပညာနှင့် ထိန်းသိမ်းရေးစာတမ်း”၊ စာတမ်းရှင် ဦးကြည်လင် (လက်ထောက်ညွှန်ကြားရေးမှူး၊ ပုဂံဌာနခွဲ)က “ပုဂံခေတ်ရှေးဟောင်းအဆောက်အအုံများတွင် တန်ဆာဆင်ထားသော နံရံဆေးရေးပန်းချီနှင့် အင်္ဂတေပန်းတော့ အနုလက်ရာများထိန်းသိမ်းမှုဆိုင်ရာ သုတေသနစာတမ်း”၊ စာတမ်းရှင်ဒေါ်တင်တင်ဝင်း(ဦးစီးအရာရှိ၊ မန္တလေးဌာနခွဲ)က “ကြေးခေတ်၊ သံခေတ်တူးဖော်မှုမှတွေ့ရှိရသော အထောက်အထားများအား ပြန်လည်လေ့လာ သုတေသနပြု ထိန်းသိမ်းခြင်းစာတမ်း”နှင့် စာတမ်းရှင်ဒေါ်စုလှိုင်ဌေး(ဦးစီးအရာရှိ၊ မန္တလေးဌာနခွဲ)က “ကုသိုလ်တော် ဘုရားရှိ စကျင်ကျောက်စာချပ်များအား ထိန်းသိမ်းခြင်းစာတမ်း”တို့ကို ဖတ်ကြားပြီးနောက် ပထမနေ့ အခမ်းအနားအား ( ၁၆:၂၀ ) နာရီချိန်တွင် ရုပ်သိမ်းပါသည်။

            သုတေသနစာတမ်းဖတ်ပွဲအား မေလ(၁၃) ရက်မှ (၁၄)ရက်ထိ နံနက် ၀၉ ၃၀  နာရီမှ    ၁၆ ၃၀ နာရီအထိ နေပြည်တော်၊ ရုံးအမှတ်(၃၅)၊ ယဉ်ကျေးမှုရတနာခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် မေလ(၁၃)တွင် စာတမ်း (၆) စောင်နှင့် မေလ(၁၄)တွင် စာတမ်း (၇) စောင် စုစုပေါင်းစာတမ်း (၁၃)စောင် ဖတ်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။