အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ ဦးဟန်ညွန့်(ဉပဒေ)နှင့် ဇနီး ညိုညိုယဉ်(ဒိုက်ဦး) မိသားစုမှ စာပေပစ္စည်းများ လှူဒါန်းသည့် အခမ်းအနား ကျင်းပခြင်း

          ဦးဟန်ညွန့်(ဉပဒေ)နှင့် ဇနီး ညိုညိုယဉ်(ဒိုက်ဦး)မိသားစုက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) တွင် အများပြည်သူဖတ်ရှုလေ့လာနိုင်ရန်နှင့် ထိန်းသိမ်းထားရှိနိုင်ရန်အတွက် စာအုပ်/စာနယ်ဇင်း (၃၈၁)အုပ်၊ ပန်းချီကား (၄)ချပ်နှင့် စာအုပ်စာနယ်ဇင်းများ ထိန်းသိမ်းရန် အတွက် ဗီရို(၁)လုံး လှူဒါန်းသည့် အခမ်းအနားကို (၂၈-၅-၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)နာရီ တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ Orientation ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက လက်ခံရယူခဲ့ပါသည်။

          အခမ်းအနားတွင် ဦးဟန်ညွန့်(ဉပဒေ)က စာပေပစ္စည်းများလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် မိမိသည် အမျိုးသားစာကြည့်တိုက်(နေပြည်တော်) အဆောက်အဦ ပန္နက်ချပွဲမှ အဆောက်အဦ ပြီးစီးသည်အထိ ပါဝင်ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည့်အတွက် ဌာနနှင့် မစိမ်းသူဖြစ်ကြောင်း၊ မိမိတို့ မိသားစုသည် စာပေမိသားစုဖြစ်သည့်အတွက် စာပေအတွေ့အကြုံ များစွာရှိပါကြောင်း၊ မိမိတို့ မိသားစုသည် စာပေရေးသားသူများဖြစ်ပြီး စာပေဆုများလည်း ရရှိခဲ့ဖူးကြောင်း၊  မိမိ ရရှိခဲ့သည့် ၂၀၀၃ ခုနှစ် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ် ဆုတံဆိပ် နှင့် ဆုရရှိခဲ့သည့် ‘ဉပဒေဝန်ထမ်းတစ်ဦး၏ ဘဝခရီး’စာအုပ်၊ မိမိ၏ အမျိုးသမီး ညိုညိုယဉ် (ဒိုက်ဦး)ရရှိခဲ့သည့် ၁၉၉၀ ပြည့်နှစ် စာပေဗိမာန်စာမူ (ဝတ္ထုတိုပေါင်းချုပ်) တတိယဆုလက်မှတ် နှင့် ‘တင်ကျီးတစ်ဝမ်း ဗျိုင်းတစ်ဝမ်းနှင့် အခြားဝတ္ထုတိုများ’စာအုပ်၊ သားဖြစ်သူ ကဗျာဆရာ မင်းဇင်(ဒိုက်ဦး) ရေးသားခဲ့သည့် ကဗျာစာအုပ်များ အပါအဝင် မိမိရေးသားခဲ့သော စာအုပ်များ၊ မိမိစုဆောင်းထားသော စာအုပ်၊ စာနယ်ဇင်းများနှင့် မိမိအိမ်တွင် ချိတ်ထားသော ပန်းချီကား (၄)ချပ်တို့ကို အများပြည်သူဖတ်ရှုလေ့လာနိုင်ရန်အတွက် လာရောက်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ပြီး စာအုပ်/ စာနယ်ဇင်းများကို အခါသင့်သလို လာရောက်လှူဒါန်းရန် အစီအစဉ် ရှိကြောင်းနှင့် အခြားလှူဒါန်းလိုသူများရှိပါကလည်း လှူဒါန်းနိုင်ရန် တိုက်တွန်းပေးမည်ဖြစ် ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးထွန်းအုံက လှူဒါန်းသည့် စာအုပ်များအား လက်ခံရယူခဲ့ပြီး  ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်မြင့်က စာပေပစ္စည်းများ လှူဒါန်းခြင်းနှင့်ပတ်သက်ပြီး ကျေးဇူးတင်ရှိပါကြောင်း၊ စာကြည့်တိုက်၏ စာစုလုပ်ငန်းတွင် လှူဒါန်းသည့် စာအုပ်စာတမ်းများကို လက်ခံရယူခြင်းသည် စာပေပစ္စည်းစုဆောင်းခြင်း လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ လာရောက်လှူဒါန်း ခြင်းသည် အဆိုပါလုပ်ငန်းစဉ်အား အထောက်အကူပြုပါကြောင်း၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်/နေပြည်တော်)တို့တွင် ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ စာငှား ဝန်ဆောင်မှုကိုလည်း တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု စာအုပ်လှူဒါန်းခြင်းကို ဌာန၏ website၊ Social Media များမှတစ်ဆင့် အများပြည်သူသိရှိစေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို (၁၁:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။